အစိုးရကို ကန့်ကွက်ဆန္ဒပြသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၁၂) ကြိမ်မြောက် ရုံးထုတ်

အစိုးရကို ကန့်ကွက်ဆန္ဒပြသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၁၂) ကြိမ်မြောက် ရုံးထုတ်
Published 23 November 2017

မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၁၂) ကြိမ်မြောက်အဖြစ် နိုဝင်ဘာ ၂၂ ရက်တွင် ရုံးထုတ်စဉ်

အစိုးရကို ကန့်ကွက်ဆန္ဒပြသည့် မန္တလေးအမျိုးသားရေးသပိတ် ဦးဆောင်သံဃာနှင့် လူပုဂ္ဂိုလ်များအား (၁၂) ကြိမ်မြောက်ရုံး ချိန်းအဖြစ် နိုဝင်ဘာ ၂၂ ရက်က စစ်ဆေးခဲ့ပြီး သံဃာတော်များအား စွဲဆိုထားသော အမှုများအတွက် နိုဝင်ဘာ ၂၉ ရက်တွင် စွဲချက် တင်ရန်သင့် မသင့် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ရုံးချိန်းမှာ တရားလို ခရိုင်သာသနာရေးဦးစီးမှူး စွဲဆိုထားတဲ့ ဦးဣန္ဒောဘာသ ရှစ်ဦးကို စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး နှစ်ဖက်လျှောက်လဲချက် ပေးခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ရုံးချိန်းမှာတော့ ဒီစွဲဆိုထားတဲ့ ပုဒ်မတွေ စွဲချက်တင်ရန်သင့် မသင့် အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။ ကိုကျော်မျိုးရွှေအမှုကတော့ တရားလိုကို ဆက်လက်စစ်ဆေးနေတုန်းပါပဲ” ဟု ချမ်းမြသာစည်မြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက အမှုနှင့်ပတ်သက်၍ မီဒီယာများအား ပြောကြားသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် ဘုရားကြီးအ နောက်ဘက်မုခ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား သြဂုတ် ၅ ရက် နံနက်၂ နာရီ ၁၅ မိနစ်ခန့်က တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ သံဃာ ၁၁ ပါးနှင့် အမျိုးသမီးနှစ်ဦးကို ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိသည့် သံဃာ ၁၁ ပါးအနက် ခြောက်ပါးအား သြဂုတ် ၉ ရက်တွင် စတင်ရုံးထုတ် စစ်ဆေးခဲ့သည်။

သပိတ်စခန်း ဦးဆောင်သံဃာရှစ်ပါး (နှစ်ဦးမှာ ဖမ်းမိခြင်းမရှိသေး) အား ခရိုင်သာသနာရေးဦးစီးမှူးက တရားလိုပြုလုပ်စွဲ ဆိုထားသလို ဦးကျော်မျိုးရွှေပါဝင်သည့် လူပုဂ္ဂိုလ်ငါးဦးကိုလည်း  မြို့နယ်ထွေအုပ်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အသီးသီးစွဲဆိုထားခြင်း ဖြစ်သည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီ သပိတ် စခန်းဖြိုခွဲစဉ်က ဖမ်းဆီးခံရပြီး လူဝတ်လဲကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ဝါ၊ သာသနာဝင်အမှတ် ၉^မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ ပခန (သ) ၀၁၁၁၁၄ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊ ငါးဝါ၊ သာသနာဝင်အမှတ် ၉/  ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ဝါ၊ သာသနာဝင် အမှတ် ၉/ ညဥန(သ) ၀၀၁၂၁၈၊ (မည်သည့် အဖွဲ့ဝင်မှမဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင်အမှတ် ၉/ ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီး မြို့နယ်) နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ၊ ငါးဆူကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီး မခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)နှင့် ဦးစန္ဒာသီရိ (၄၁ နှစ်၊ ၂၀ ဝါ၊ သာသနာဝင်အမှတ် ၉/ မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂဓမ္မသုခ ကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent