ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်းဖိုရမ် နေပြည်တော်တွင် ကျင်းပ

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်းဖိုရမ် နေပြည်တော်တွင် ကျင်းပ
Published 23 November 2017

Diversity Management in the Age of Globalization ကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်စဉ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်းဖိုရမ်  Diversity Management in the Age of Globalization ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်၍ နေပြည်တော်မင်္ဂလာသီရိ ဟိုတယ်တွင် နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်၍ အာရှနှင့် ဥရောပနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များ၊ ရခိုင်ပြည်နယ်တွင် အောက်ခြေအဆင့် အထိဆင်း၍ လုပ်ကိုင်ဆောင်ရွက်နေသော  အဖွဲ့အစည်းများ၊ လူငယ်မူဝါဒရေးဆွဲရေး၊ မတူကွဲပြားသည့် ပြည်သူများအကြားပေါင်းစည်းနိုင်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်တက်ရောက်ကာ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာနှင့် ဓလေ့ထုံးစံများ မတူညီကြသောသူများ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံကြီးဖြစ်ကြောင်း၊ အဆိုပါမတူကွဲပြားသူများအကြား နားလည်မှုရှိပြီး စည်းလုံးညီညွှတ်မှ ပဋိပက္ခများပပျောက်မည်ဖြစ်သည့်အတွက် ယခုဖိုရမ်ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီးဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

“ကျွန်တော်တို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံကြီး ဖြစ်တယ်။ ပြည်ထောင်စုနိုင်ငံမှာ ပြည်နယ်တိုင်းအသီးသီးမှာလည်း စုပေါင်းနေထိုင်ကြသူတွေအများကြီး ရှိကြတယ်။ တစ်မျိုးနဲ့တစ်မျိုးနဲ့ မတူကြဘူး။ ကိုးကွယ်တဲ့ဘာသာလည်း မတူကြဘူး။ ဘာသာစကားလည်း မတူကြဘူး။ ယဉ်ကျေးမှုဓလေ့ထုံးစံတွေလည်း ကွဲပြားခြားနားကြတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကွဲပြားကြပါစေ။ ကျွန်တော်တို့မှာ ပြည်ထောင်စုဆိုတဲ့ စိတ်ဓာတ်ကတော့ အားလုံးတူညီဖို့လိုတယ်။ တူညီရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီတစ်မြေတည်းမှာနေပြီးတော့ တစ်ရေတည်းသောက်တယ်။ တစ်လေတည်း ရှူကြတယ်။ ဒီသဘောကြောင့် နိုင်ငံမှာ ဘယ်လိုပဲ ကွဲပြားခြားနားမှုတွေရှိနေပါစေ အားလုံးဟာ တူညီတဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကြီး ဖြစ်ပေါ်လာမယ်ပေါ့။ ဒါက အဓိက အရေးကြီးတယ်။ နောက်တစ်ခုကလည်း တစ်ခုနဲ့တစ်ခု ပြဿနာတွေဖြစ်တယ်။ ပဋိပက္ခတွေ ဖြစ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်မျိုးနဲ့တစ်မျိုးနဲ့ အဲဒီလိုကိစ္စတွေမှာလည်း ပြဿနာတွေရဲ့ အရင်းခံက အချင်းချင်းစည်း လုံးညီညွှတ်မှုဆိုတဲ့အပေါ်မှာ မူတည်တယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပေါ်မှာ မူတည်တယ်။ အဲဒီလိုနားလည်မှုတွေ အခြေခံရှိမှသာ အဆင်ပြေမှုတွေရှိမယ်။ အဆင်မပြေမှုတွေ ပပျောက်သွားမယ်။ ဒါကို ရည်ရွယ်ပြီးတော့ ဖိုရမ်ကို လုပ်တာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်းသည် မလွယ်ကူကြောင်း၊ ထိရောက်သောနည်း လမ်းများဖြင့်  စိတ်အားထက်သန်စွာ ဆောင်ရွက်ပါက ပဋိပက္ခများနည်းပါးလာမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး၊ လူ့အသိုင်းအဝိုင်းနှစ်ခုကြား ရေရှည်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

ဖိုရမ်တွင် မူဝါဒနှင့်မူဘောင်များ၊ အရှေ့တောင်အာရှမှ အတွေ့အကြုံများ၊ ဥရောပနှင့် အာဖရိကမှ အတွေ့အကြုံများ၊ မြောက်အမေရိကနှင့် သြစတြေးလျမှ အတွေ့အကြုံများ၊ အာရှမှ အတွေ့အကြုံများ၊ မြန်မာနှင့် မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်းစသည့်ကဏ္ဍများကို သုံးသပ်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။                             နေရိုင်း၊ ကျော်မျိုး

Most Read

Most Recent