ငပလီကမ်းခြေ Public Area အတွင်း ဈေးဆိုင်ခန်းများ ဆောက်လုပ်ငှားရမ်းနေမှုအား ရခိုင်ပြည်နယ် လယ်ယာစီမံခန့်ခွဲမှုအဖွဲ့က နိုဝင်ဘာ ၃၀ ရက် အပြီးဖယ်ရှားနိုင်ရေး အသိပေး

ငပလီကမ်းခြေ Public Area အတွင်း ဈေးဆိုင်ခန်းများ ဆောက်လုပ်ငှားရမ်းနေမှုအား ရခိုင်ပြည်နယ် လယ်ယာစီမံခန့်ခွဲမှုအဖွဲ့က နိုဝင်ဘာ ၃၀ ရက် အပြီးဖယ်ရှားနိုင်ရေး အသိပေး
Published 23 November 2017

ငပလီကမ်းခြေတစ်နေရာရှိ Public Area အား တွေ့ရစဉ်

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက် ငပလီကမ်းခြေ Public Area အတွင်း ဈေးဆိုင်ခန်းများ ဆောင်လုပ်ငှားရမ်းနေမှုအား ရခိုင်ပြည်နယ် လယ်ယာစီမံခန့်ခွဲမှုအဖွဲ့မှ အပြီးဖယ်ရှားပေးရန် ယခုလ နိုဝင်ဘာ ၁၉ ရက်မှ အသိပေးထုတ်ပြန်လိုက်ကြောင်း သိရသည်။

ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်အတွင်းရှိ ငပလီကမ်းခြေ Public မြေဧရိယာမှာ လူအများဆုံး  ဝင်ထွက်သွားလာ  အနားယူအပန်းဖြေနေသော မြေဧရိယာဖြစ်ပြီး ယင်းမြေနေရာများအား ငပလီမြို့စည်ပင်ဥက္ကဋ္ဌ ဦးစောလွင် ဦးစီးပြီးခြံစည်းရိုးကာရံခြင်း၊ ဈေးဆိုင်ခန်းမှ ငွေကောက်ခံခြင်းဖြင့် စီးပွားရှာနေသဖြင့် တားဆီးအရေးယူပေးပါရန် တင်ပြလာခြင်း ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် မြေယာစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/ ၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် (၇) အပုဒ်ခွဲ (ဇ)အရ မူလရည်ရွယ်ချက်အတိုင်း  Public မြေဧရိအဖြစ် ထားရှိသွားရန်နှင့် ဆိုင်ခန်းဆောက်လုပ်နေမှုများအား ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဖယ်ရှားသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း  ငပလီမြို့ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ပြည်နယ်အစိုးရ ညွှန်ကြားချက်အရ မူလဆုံးဖြတ်ထားတဲ့ဟာ မူလ Public Area အဖြစ် ထားရှိရန်ဆိုတဲ့ ညွှန်ကြားချက်နဲ့ ဆုံးဖြတ်တဲ့ဟာကို ပြည်နယ်အစိုးရကနေပြီးတော့ ခရိုင်ကိုညွှန်းကြားတယ်။ ခရိုင်ကနေ မြို့နယ်။ မြို့နယ်ကနေပြီးတော့ ဆင့်ကဲဆင့်ကဲ ညွှန်ကြားလာတဲ့အတွက် ကျွန်တော်က အောက်ခြေနေ ညွှန်ကြားချက် ထုတ်ပေးလိုက်တာပေါ့နော်” ဟု ငပလီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ပြောကြားသည်။

ငပလီကမ်းခြေ Public Area အတွင်း ဆိုင်ခန်းဆောက်လုပ်ထားခြင်း၊ ခြံစည်းကာရံထားခြင်းနှင့် ပတ်သက်ပြီး သံတွဲခရိုင် တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးညီလေးက “Public Area ထဲမှာ ကျွန်တော်တို့ဒီဒေသမှာရှိတဲ့ ပြည်သူတွေအားလုံးက ဒီနေရာမှာ အလွယ်တကူဝင်ထွက် သွားလာလို့ရတယ်ပေါ့။ ဗမာပြည်အထက်ပိုင်းက ဆိုရင်လည်းပဲ ကားတွေနဲ့လာကြတဲ့ ဧည့်သည်တွေ ဒီနေရာမှာ ကားတွေထားတယ်။ အပန်းဖြေတယ်။ အနားယူတယ်ပေါ့နော်။ ပြီးတော့ Public Area တစ်ခုကို အခုလိုဆိုင်ခန်းတွေ ဆောက်လုပ်လိုက်တာဟာ ကျွန်တော်တို့ဒေသမှာရှိတဲ့ လူတွေအားလုံးကလည်း တစ်ယောက်မှ မလိုကြဘူး။ သူတို့ဒီလို လုပ်လိုက်တဲ့အတွက် ကျွန်တော်တို့ဒေသက လူတွေဝင်ထွက်သွား လာတာကအစ ကျွန်တော်ဝန်ကြီး ဦးမင်းအောင်နဲ့ဂွမြို့၊ ဖိုရမ်းတစ်မှာ တွေ့လိုမေးလိုက်တယ်။ ကျွန်တော်တို့ နေရာမှာ Public Area ထဲမှာ ဆိုင်ခန်းတွေဆောက်တယ်။ ခြံစည်းရိုး ကာထားတယ်။ ဒါဝန်းကြီးအနေနဲ့ ဘယ်လိုလည်း  ဝန်းကြီးဦးမင်းအောင်က Public Area  ထဲမှာ ခြံစည်းရိုးကာလို့မရဘူးလို့ ပြောသွားတယ်” ဟု ဆိုသည်။

ထိုသို့ ငပလီကမ်းခြေရှိ အများပိုင်မြေဧရိယာအတွင်း ဈေးဆိုင်ခန်းများ ဆောက်လုပ်ငှားရမ်း ရောင်းစားထားမှုအပေါ် အရေးယူပေးရန်နှင့် ဈေးဆိုင်ခန်းများအား ဖျက်သိမ်းပေးရေးအတွက်လည်း ဒေသခံပြည်သူလူထု ၇၀ ကျော်ခန့်က ယခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ ဒီပပလပ်ဧရိယာကို အခုလို ဆိုင်ခန့်တွေ ဖျက်သိမ်းဖို့ ခြံစည်းရိုးကာရံတာတွေကို ဖျက်သိမ်းဖို့ပေါ့လေ။ ပြည်နယ်အစိုးရ သဘောထားမှတ်ချက်နဲ့ပေါ့လေ။ အခုတော့ မြို့နယ်အဆင့်ဆင့်ကနေပြီးတော့ ဖျက်စိမ်းခွင့် ချလိုက်ပြီ။ အဲဒီအပေါ်မှာ ဘယ်လိုပြောရမလဲဆိုရင် ဒါက နဂိုတည်းကပဲ Public Area ဖြစ်နေတာကို Public Area အတိုင်း ဖြစ်စေချင်တဲ့အတွက် ကျွန်တော်တို့က ဆန္ဒပြပွဲတွေလည်း လုပ်ခဲ့ပြီးပြီ။ ပြန်လည်ပြီးတော့ ဆိုင်ခန်းတွေ ခြံစည်းရိုးတွေကိုဖျက်ပြီး ဒီအတိုင်းရှိနေရင် ဒါကအများပြည်သူအတွက်လို အပ်တယ်လေ။ ပြည်နယ်အဖွဲ့က ချမှတ်ပေးတဲ့အတွက် အားလုံးပြည်နယ်ဝန်ကြီးနှင့်တစ်ကွ ပြည်သူများအားလုံးအတွက် ကျွန်တော်က ကျေးဇူးတင်တယ်” ဟု သံတွဲခရိုင်ငပလီမြို့ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက် Public Area ဈေးဆိုင်ခန်းများ ချထားရေးကော်မတီအနေဖြင့် ရခိုင်ပြည်နယ် လယ်ယာစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း Public မြေဧရိယာအဖြစ် ထားရှိနိုင်ရေးအတွက် ဈေးဆိုင်ခန်းများအား ယခုနိုဝင်ဘာ ၃၀ ရက် အပြီး သတ်ဖယ်ရှားသွားနိုင်ရေး အသိပေး အကြောင်းကြားစာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ငပလီမြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

Most Read

Most Recent