ဧရာဝတီတိုင်းအတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရိတ်သိမ်းဆဲစပါးများ လေလွင့်ဆုံးရှုံးမှုဖြစ်ပေါ်

ဧရာဝတီတိုင်းအတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရိတ်သိမ်းဆဲစပါးများ လေလွင့်ဆုံးရှုံးမှုဖြစ်ပေါ်
Published 23 November 2017

ဧရာဝတီတိုင်းအတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် စပါးများ ပျက်စီးနေသည်ကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရိတ်သိမ်းဆဲ လယ်ယာများအတွင်း မိုးရေများဝင်ရောက်ကာ စပါးများ လေလွင့်ဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေပြီး ရိတ်သိမ်းပြီး တောင်သူများအနေဖြင့်လည်း စပါးများရေ စိုမှုကြောင့် ဈေးကောင်းမရရှိဘဲ လျင်မြန်စွာ ရောင်းချနေရကြောင်း သတင်းရရှိသည်။

မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရိတ်သိမ်းဆဲ လယ်ယာမြေများနှင့် ရိတ်သိမ်းရန် လုပ်သားစောင့်ဆိုင်းနေဆဲ လယ်ယာများတွင် မိုးရေများ ဝင်ရောက်ကာ စပါးနှံများ ပြိုလဲခြင်း၊ ရိတ်သိမ်းနေဆဲ ကောက်လှိုင်းစီးများ ရေစိုပျက်စီးခြင်း စပါးနှံများ နွံ့ကပ်ခြင်း အညှောက်များ ထွက်လာခြင်းများကို တောင်သူများအနေဖြင့် ကြုံတွေ့နေရကြောင်း၊ သိမ်းဆည်းထားပြီးသည့် လယ်ယာမြေများတွင် လည်းခြွေလှေ့ပြီးစပါးများအား အခြောက်ခံခြင်းများ မပြုနိုင်တော့သောကြောင့် ဆန်စက်များသို့ အလျှင်အမြန် ပို့ဆောင်ရောင်းချ နေရခြင်းများကိုပါ ကြုံတွေ့နေရကြောင်း၊ အချို့သော လယ်ယာမြေများရှိ ကုန်ထုတ်လမ်းများမှာလည်း မိုးရွာသွန်း၍ လမ်းပျက်စီးမှုကြောင့် ရိတ်သိမ်းခြွေလှေ့ပြီး စပါးများကို သယ်ယူရန် လမ်းမရှိတော့သောကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“မိုးက အရင်ရက်တွေထဲက ရက်ခြားဆိုသလို ရွာနေတာ အဲအချိန်ကတော့ နေပူလိုက်ရွာလိုက်ဆိုတော့ သိပ်တော့ မကြောက်ရဘူး။ အခုကျတော့ မိုးကဆက်တိုက်ရွာတာ တစ်ချက်မှ မနားဘူး။ အစ်ကို့လယ်က တစ်ဝက်ကျော်တော့ သိမ်းပြီးပြီး ခြွေပြီးသားစပါးတွေကတော့ အခြောက်ခံဖို့ မမှီတော့လို့ ထော်လာဂျီအမြန်ငှားပြီး မြို့ပို့ရတယ်။ သိမ်းလက်စ ကောက်လှိုင်းစီးတွေကတော့ နွံ့တွေကပ်ကုန်တယ်။ အမြန်လိုက်သိမ်းနေရတာ မိုးအရမ်းရွာတော့ ဘယ်သူမှလဲ လယ်ထဲမဆင်းချင်ကြဘူး။ အညှောင့်တွေ ထွက်ကုန်မှာ စိုးတယ်။ ရိတ်လက်စပင်တွေကတော့ အကုန်အိပ်ကုန်ကြပြီ။ ဈေးကောင်းနေချိန်မှာ အခုလိုဖြစ်တော့ ကျွန်တော်တို့ ကံပေါ့ဗျာ” ဟု မြောင်းမြမြို့နယ်မှ တောင်သူဦးအောင်မြင့်က ပြောကြားသည်။

စပါးဈေးနှုန်းများလည်း ဆက်တိုက်ဆိုသလို ကျဆင်းနေပြီး မနောသုခကဲ့သို့သော စပါးမျိုးများမှာ အခြောက်ခံပြီးစပါး တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းဝန်းကျင်နှင့် ပေါ်ဆန်းကဲ့သို့သော စပါးမျိုးမှာ အခြောက်ခံပြီး စပါးတင်းတစ်ရာလျှင် ကျပ်ရှစ်သိန်းခုနှစ် သောင်းဝန်းကျင်ထိ ဈေးနှုန်းများကျဆင်းလာကြောင်း၊ မိုးဆက်တိုက်ရွာသွန်းလာသည့် ရက်များအတွင်း ဆန်စက်များသို့  ရေစိုစပါးများ နေ့စဉ်ဝင်ရောက်မှုများ များပြားနေပြီး ဆန်စက်များတွင်ပါ စပါးများအခြောက်ခံရန်အတွက် နေရာအခက်အခဲများပါ ဖြစ်ပေါ်လာနေရကြောင်း သိရသည်။

Most Read

Most Recent