ရတနာပုံခေတ်လက်ရာ ရွှေနန်းတော် ကျောင်းပြုပြင်ထိန်းသိမ်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေသည့် ကြမ်းခင်းနှင့်ဘေးဝရန်တာများအား အစားထိုးပြုပြင်မည်

ရတနာပုံခေတ်လက်ရာ ရွှေနန်းတော် ကျောင်းပြုပြင်ထိန်းသိမ်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေသည့် ကြမ်းခင်းနှင့်ဘေးဝရန်တာများအား အစားထိုးပြုပြင်မည်
Published 23 November 2017

ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိသည့် ရွှေနန်းတော်ကျောင်းသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လေ့လာနေကြစဉ်

မန္တလေးမြို့ရှိ ရတနာပုံခေတ်နှောင်းပိုင်း လက်ရာတစ်ခုဖြစ်သည့် ရွှေနန်းတော်ကျောင်းအား မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိပြီး အောက်ခြေကြမ်းခင်းနှင့် ဘေးဝရန်တာများကို အရည်အသွေးမီ ကျွန်းသစ်များဖြင့် မူလလက်ရာအတိုင်း အစားထိုးပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကာ ခွင့်ပြုချက်ကျပါက စတင်သွားမည်ဖြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အမေရိကန်နိုင်ငံအခြေစိုက် World Monuments Fund (ကမ္ဘာ့အဆောက်အအုံများ ရန်ပုံငွေအဖွဲ့) ထံမှ သိရသည်။

မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းအား နိုင်ငံတကာအဆင့်မီ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်သွားနိုင်ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အမေရိကန်အစိုးရက ၂၀၁၃ ခုနှစ်တွင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီမှစ၍ အမေရိကန်နိုင်ငံအခြေစိုက် World Monuments Fund (ကမ္ဘာ့အဆောက်အအုံများ ရန်ပုံငွေအဖွဲ့) မှ ရွှေနန်းတော်ကျောင်း၏ ပျက်စီးနေမှု အစိတ်အပိုင်းများအား 3 D Laser Scanner ပုံရိပ်ဖမ်းစက်များဖြင့် မှတ်တမ်းများရယူခြင်း၊ သစ်သားဆွေးမြေ့မှုများအား လေ့လာခြင်း၊ ကျောင်းအတွင်း ရေစီးရေ လာစနစ်များအား လေ့လာခြင်းနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များရယူခြင်း အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် လေ့လာမှတ်တမ်းရယူမှုများနှင့် ကျောင်းဆောင်အနောက်ဘက်ရှိ ပျက်စီးမှုများဖြစ်ပေါ်နေသည့် အောက်ခြေကြမ်းခင်းများနှင့် ဘေးဝရန်တာများကို အစားထိုးလဲလှယ်ခြင်း အစရှိသည့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို သုံးနှစ်ကျော် အချိန်ယူပြုလုပ်ခဲ့သည်။ လက်ရှိတွင် ကျောင်းဆောင်တွင် တပ်ဆင်ထားသည့် နယားအရုပ်များကို ပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ဆောင်လျက်ရှိပြီး ရှေးဟောင်းသုတေသနဌာန၏ ခွင့်ပြုချက်ကျပါက အောက်ခြေကြမ်းခင်းများနှင့် ဘေးဝရန်တာများအား မူလလက်ရာမပျက် အစားထိုးပြုပြင်လဲလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရွှေနန်းတော်ကျောင်းရဲ့ ပျက်စီးမှုအပိုင်းတွေကို လေ့လာမှတ်တမ်းရယူတာတွေက ရာနှုန်းပြည့်ပြီးစီးခဲ့ပါပြီ။ ပြုပြင်မှုတွေအနေနဲ့ ကျောင်းဆောင်ရဲ့ အနောက်ဘက်ကို အရင်ဆုံး ပြုပြင်ခဲ့ပါတယ်။ အခု နယားအရုပ်တွေနဲ့ ကျောင်းဆောင်ရဲ့ သစ်သားအစိတ်အပိုင်းအချို့ကို ပြုပြင်နေတယ်။ ကျောင်းဆောင်ပတ်လည်မှာရှိတဲ့ အောက်ခြေကြမ်းခင်းတွေနဲ့ ဘေးဝရန်တာတွေကို ကုန်းဘောင်ခေတ်က လက်ရာအတိုင်း မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းဖို့အတွက် ရှေးဟောင်းဌာနကိုတင်ထားတယ်။ အရည်အသွေးပြည့်မီတဲ့ ကျွန်းသစ်တွေနဲ့ အစားထိုးပြုပြင်သွားမှာပါ။ သစ်တွေလည်း ဝယ်ထားပြီးပါပြီ။ မကြာခင် ခွင့်ပြုချက်ရရင် ကျွန်တော်တို့ စတင်နိုင်မှာပါ”  ဟု World Monuments Fund  ၏ Program Director Mr. Jeffery Allen က နိုဝင်ဘာ ၂၂ ရက်က ပြောကြားသည်။

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းအတွက် အမေရိကန်အစိုးရက ကနဦးကူညီထောက်ပံ့ငွေ ဒေါ်လာ ငါးသိန်းခန့် ထောက်ပံ့ခဲ့ပြီးနောက် စီမံကိန်း အကောင်အထည်ဖော်နေစဉ်အတွင်း ဘတ်ဂျက်ငွေ အခက်အခဲကြောင့် စီမံကိန်းကို ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ဒုတိယပိုင်းစီမံကိန်းအတွက် အမေရိကန် အစိုးရက ဒေါ်လာသုံးသိန်းခန့် ထောက်ပံ့ပေးထားကြောင်း WMF က ထုတ်ပြန်ထားသည်။

ရတနာပုံခေတ်နှောင်းပိုင်းလက်ရာ ရွှေနန်းတော်ကျောင်းမှာ မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး နတ်ရွာစံခဲ့သည့် စံနန်းဆောင်အား သားတော်သီပေါမင်းမှ ဖြုတ်သိမ်းခဲ့ပြီးနောက် နန်းတော်၏ အရှေ့မြောက်ထောင့်နေရာတွင် ဘုန်းကြီးကျောင်းအဖြစ် ဆောက်လုပ်လှူဒါန်းခဲ့သည့် အဆောက်အအုံတစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက မီးလောင်ပျက်စီးသွားခဲ့သည့် မြနန်းစံကျော် ရွှေနန်းတော်၏ မူလလက်ရာနန်းဆောင်များကို လက်ရှိ ရွှေနန်းတော်ကျောင်းတစ်ခုတွင်သာ ယနေ့အချိန်အထိ လေ့လာနိုင်သည့် အဆောက်အအုံဖြစ်သည်။

Most Read

Most Recent