FDA ၏ သွင်းကုန်လိုင်စင်လျှောက်ထားမှု ကင်းလွတ်ခွင့်ပြုထားသော စားသောက်ကုန်များ၏ အရည်အသွေးပိုင်းကို ဈေးကွက်တင်စစ်ဆေးခြင်းနည်းဖြင့် စစ်ဆေး

FDA ၏ သွင်းကုန်လိုင်စင်လျှောက်ထားမှု ကင်းလွတ်ခွင့်ပြုထားသော စားသောက်ကုန်များ၏ အရည်အသွေးပိုင်းကို ဈေးကွက်တင်စစ်ဆေးခြင်းနည်းဖြင့် စစ်ဆေး
Published 23 November 2017

ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

အန္တရာယ်ဖြစ်နိုင်ခြေအနည်းဆုံး စားသောက်ကုန်အုပ်စုဝင် ၁၀၀၈ မျိုးအားအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် သွင်းကုန်လိုင်စင်လျှောက်ထားမှု ကင်းလွတ်ခွင့်ပေးထားပြီး ယင်းကုန်ပစ္စည်းများ၏ အရည်အသွေးပိုင်းကို FDA က ဈေးကွက်တင် စစ်ဆေးခြင်းနည်းဖြင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

“အန္တရာယ်ရှိတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီးတော့ စည်ပင်ကပဲ လိုင်စင်ထုတ်ထုတ်၊ စက်မှုကပဲ ထုတ်ထုတ် ကျွန်တော်တို့ဆီက ထောက်ခံချက်ရမှသူက လိုင်စင်ပေးရတာ။ အစားအသောက်တွေရဲ့ Safety နဲ့ Quality ပိုင်းကျတော့ ကျွန်တော်တို့ FDA က လုပ်ဆောင်ပေးရတယ်။ ဒါကြောင့် Safety နဲ့ Quality ပိုင်းကြည့်ဖို့လိုတဲ့ အစားအသောက် Medium နဲ့ Hight အဆင့်တွေ ကတော့ FDA ရဲ့ ထောက်ခံချက်လိုပါတယ်။ အန္တရာယ်ဖြစ်နိုင်ခြေအနည်းဆုံး စားသောက်ကုန်တွေကတော့ ကိစ္စမရှိဘူး။ ကင်းလွတ်ခွင့် ပေးလို့ရတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်အစားအသောက်တွေက Medium လဲ၊ Hight လဲ၊ Low လဲဆိုတာကို ပြန်ကြေညာပေးတယ်။ နိုင်ငံခြားကသွင်းတဲ့ အစားအသောက်တွေမှာလည်း အလားတူပါပဲ။ အခု စားသောက်ကုန် ၁၀၀၈ မျိုးကို ကင်းလွတ်ခွင့်ပေးထားတယ်။ အခုသူတို့ လွတ်လွတ်လပ်လပ် သွင်းလို့ရတယ်ဆိုပေမဲ့ သူတို့အတွက် အထိန်းအကွပ်မဲ့သွားတာမျိုး မဟုတ်ဘူး။ သူတို့ကို Post Market နဲ့ ထိန်းပါတယ်။ ကျန်တဲ့ စားသောက်ကုန်အုပ်စုဝင်တွေကတော့ ကျွန်တော်တို့ထောက်ခံချက်ရှိမှပဲ သွင်းလို့ရမှာပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အစားအသောက်တင်သွင်းခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အဆင့်အလိုက် ဖြေလျှော့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်ဖြေလျှော့ခြင်းအနေဖြင့် သွင်းကုန်လိုင်စင်ထောက်ခံချက် ထုတ်ပေးရေးလမ်းစဉ်တွင် တိုက်ရိုက်စားသုံးရန်မဟုတ်သော၊ ပါဝင်ပစ္စည်းတစ်မျိုးတည်းသာ ပါဝင်သော အစားအသောက် ထပ်ဖြည့်ပစ္စည်း (Food Additives) များ တင်သွင်းရန်အတွက် သွင်းကုန်လိုင်စင် ထောက်ခံချက်လျှောက်ထားရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း၊ ယင်းကုန်ပစ္စည်းစာရင်းကို သိလိုပါက www.codexalimentarius.org တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ်လဒုတိယပတ်အတွင်းက ဒုတိယအဆင့်အနေဖြင့် အန္တရာယ် ဖြစ်နိုင်ခြေအနည်းဆုံး စားသောက်ကုန်အုပ်စုဝင် ၁၀၀၈ မျိုးအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ ကုန်သွယ်ရေးဦးစီးဌာနတွင် သွင်းကုန်လိုင်စင်အား တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း၊ ယင်းကုန်ပစ္စည်း စာရင်းကိုသိလိုပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ www.fda- myanmar.gov.mm တွင် ဝင်ရောက်ကြည့် ရှုနိုင်ကြောင်း သိရသည်။

ထုတ်ပြန်ထားသော အန္တရာယ်ဖြစ်နိုင်ခြေအနည်းဆုံး စားသောက်ကုန်အုပ်စုဝင် ၁၀၀၈ မျိုးသည် အန္တရာယ်အခြေပြု ဆန်းစစ်ခြင်းစနစ်ကို အခြေခံထားသည့်အတွက် အခြေအနေနှင့် အချိန်အခါအလိုက် အပြောင်းအလဲရှိနိုင်ကြောင်း FDA မှ သိရသည်။

Most Read

Most Recent