မြောက်ဥက္ကလာပနှင့် ကမာရွတ်မြို့နယ်ရှိ ဘဏ်များသို့ လာရောက်အပ်နှံသည့်ငွေများတွင် ကျပ်တစ်သောင်းတန်နှင့် ငါးထောင်တန်အတုများ တွေ့ရှိ

မြောက်ဥက္ကလာပနှင့် ကမာရွတ်မြို့နယ်ရှိ ဘဏ်များသို့ လာရောက်အပ်နှံသည့်ငွေများတွင် ကျပ်တစ်သောင်းတန်နှင့် ငါးထောင်တန်အတုများ တွေ့ရှိ
Published 23 November 2017

မြောက်ဥက္ကလာပမြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိဘဏ်များသို့  လာရောက်အပ်နှံသည့် ငွေများထဲမှ ငွေစက္ကူအတု ကျပ် ၁၀၀၀၀ တန် ၃၂ ရွက်နှင့် ကျပ် ၅၀၀၀ တန် ခြောက်ရွက်တို့ တွေ့ရှိခဲ့သဖြင့် အဆိုပါ ငွေတုများကို သက်ဆိုင်ရာ ရဲစခန်းများသို့ဘဏ်များမှ အပ်နှံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ကမာရွတ်မြို့နယ်၊ (၇) ရပ် ကွက် ဂျန်းရှင်းစကွဲရှိ ဧရာဝတီဘဏ်လီမိတက်သို့ ငွေအပ်သူ ၂၂ ဦး လာရောက်အပ်နှံသည့် ငွေများအနက်မှ ငွေစက္ကူအတု ကျပ် ၁၀၀၀၀ တန် ၁၈ ရွက်နှင့် ကျပ် ၅၀၀၀ တန် လေးရွက်တို့အား တွေ့ရှိသဖြင့် နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခန့်တွင် ကမာရွတ်မြို့မ ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဇွန် ၈ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက်ရှိ ရိုးမဘဏ် သီရိရတနာဘဏ်ခွဲ ၇၀ သို့ ငွေအပ်သူ ၁၆ ဦး လာရောက်အပ်နှံသည့် ငွေများအနက်မှငွေစက္ကူအတု ကျပ် ၁၀၀၀၀ တန် ၁၄ ရွက်နှင့် ကျပ် ၅၀၀၀ တန် နှစ်ရွက်တွေ့ရှိသဖြင့် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁နာရီ ဝန်းကျင်တွင် မြောက်ဥက္ကလာပ မြို့မရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကျပ် ၁၀၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို အတုပြုလုပ်ခြင်းများကို ဖမ်းဆီးရမိလျက်ရှိကြောင်း သိရပြီး ငွေတုများတွေ့ရှိပါက သက်ဆိုင်ရာရဲစခန်းများသို့ လာရောက်အပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

Most Read

Most Recent