မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်ခြင်းများ ဆက်လက်လုပ်ဆောင်ရန် NVC ကတ် ထုတ်ပေးရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးနေသည့် အဖွဲ့အစည်းများ မောင်တောမြို့နယ်အတွင်း ရှိနေဟုဆို

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်ခြင်းများ ဆက်လက်လုပ်ဆောင်ရန် NVC ကတ် ထုတ်ပေးရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးနေသည့် အဖွဲ့အစည်းများ မောင်တောမြို့နယ်အတွင်း ရှိနေဟုဆို
Published 23 November 2017

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်ခြင်းများ ဆက်လက်လုပ်ဆောင်ရန် NVC ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးနေသည့် အဖွဲ့အစည်းများ မောင်တောမြို့နယ်အတွင်း ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။

အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က “NVC ကတ်မကိုင်တဲ့သူတွေနဲ့ ရောသွားပြီးတော့ မြန်မာနိုင်ငံမှာ နောက်ထပ်ခိုးဝင်တဲ့ လုပ်ငန်းတွေဆောင်ရွက်ချင်လို့ NVC ကတ် လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးနေတယ်လို့ ယူဆတယ်ဗျ။ လက်ရှိအချိန်ထိ ဖြစ်ပေါ်နေဆဲပဲ။ တချို့သော နိုင်ငံရေးအဖွဲ့ အစည်းတွေကလည်း ဒီ NVC ကတ်ကိုင် ဆောင်မှုနဲ့ပတ်သက်လို့ မဆောင်ရွက်ဖို့ ကန့်ကွက်နေကြတုန်းပဲ” ဟု ပြောကြားသည်။

NVC ကတ်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အန္တရာယ်ပြုခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားသည်။

အနှောင့်အယှက်ပြုခြင်း လုပ်ငန်းများကို ARSA အဖွဲ့နှင့် အကြမ်းဖက်လုပ်ငန်းများကို ထောက်ခံသည့် အဖွဲ့အစည်းများမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သူများကို လုံခြုံရေးအရ ကာကွယ်စောင့်ရှောက်မှုပေးနေကြောင်း သိရသည်။

ယခင်က NVC ကတ်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင်ခဲ့သည့် ရပ်ရွာလူကြီး ဘင်္ဂါလီ ၁၈ ဦး အသတ်ခံခဲ့ရကြောင်း၊ သုံးဦးမှာ ယနေ့ထိ မတွေ့ရှိရတော့ကြောင်း အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။

ယခုလ တတိယပတ်အတွင်းကလည်း မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်၌  NVC ကတ်လျှောက်ထားသူ တစ်ဦးကို တစ်ရပ်ကွက်တည်းနေသူက အင်္ကျီကို ဆွဲဆောင့်ခြင်း၊ အတူပါဝင်သော အပေါင်းအပါများမှ ဓားရှည်များ ကိုင်ဆောင်၍ရန်ပြုခြင်းများ ပြုမူခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တိုင်ကြားချက်အရ ရဲတပ်ဖွဲ့မှရန်ပြုသူ ရာမောက်ကော်ရိမ်အား ဖမ်းဆီးအရေးယူပြီး မောင်တောမြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card – NVC) များ ထုတ်ပေးနိုင်ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အောက်တိုဘာ ၁၂ ရက်မှစတင်ကာ ဆောင်ရွက်နေကြောင်း သိရသည်။

နှောင့်ယှက်မှုများ ရှိနေသော်လည်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NVC ကတ်နှင့် NID (Biometric) လုပ်ငန်းများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

မောင်တောဒေသအတွင်း  သြဂုတ် ၂၅ ရက်ကဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များအပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များတွင် ပါဝင်သည့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်၌ နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြား NVC ကတ် များထုတ်ပေးနိုင်ရေးအတွက် နယ်လှည့် ကွင်းဆင်းဆောင်ရွက်သွားမည့် ဦးဆောင်အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်အမိန့်ဖြင့် ဖေဖော်ဝါရီ ၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌဖြစ်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများအပါအဝင် နိုင်ငံခြားရေးနှင့်အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦး ပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် မေ ၃၁ ရက်က သက်တမ်းကုန်ဆုံးသွားသည့် ယခင်က ဝှိုက်ကတ်ခေါ်  ယာယီသက်သေခံ လက်မှတ်များ ပြန်လည်အပ်နှံထားသူ လေးသိန်းနီးပါးရှိပြီးနောက်ပိုင်း NVC ကတ်များ ထုတ်ပေးခဲ့ရာ ၂၀၁၇ ခုနှစ်  ဇန်နဝါရီအထိ ၆၀၀၀ ကျော်ကို ထုတ်ပေးထားကြောင်း သိရသည်။                                      အောင်ရဲကို

Most Recent