မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများတွင် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ရွေ့လျားဆေးခန်းဖွင့်လှစ်ခြင်း ကွင်းဆင်းဆောင်ရွက်

မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများတွင် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ရွေ့လျားဆေးခန်းဖွင့်လှစ်ခြင်း ကွင်းဆင်းဆောင်ရွက်
Published 23 November 2017

မောင်တောမြို့နယ်အတွင်း နေရပ်စွန့်ခွာမှုမရှိသော ဘင်္ဂါလီကျေးရွာများတွင် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးစဉ်

မောင်တောမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာမှုမရှိသော ဘင်္ဂါလီကျေးရွာများတွင် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ရွေ့လျားဆေးခန်းဖွင့်လှစ်ခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် တိုင်းရင်းသားကျေးရွာများတွင် ဆောင်ရွက်ပြီးဖြစ်သဖြင့် နေရပ်စွန့်ခွာမှုမရှိသော ဘင်္ဂါလီကျေးရွာများသို့   ကွင်းဆင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

နိုဝင်ဘာ ၁၅ ရက်မှစ၍ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀၀ ကျော်မှ အသက်ကိုးလမှ ၁၅ နှစ်အောက် ကလေးငယ်များကို ထိုးနှံပေးခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်မှစ၍ ပန်းတောပြင်ကျေးရွာ၊ မောင်နီကျေးရွာ၊ ရွှေဇားကျေးရွာတို့တွင် JE ကာကွယ်ဆေးထိုးခြင်းနှင့် ရွေ့လျားဆေးခန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ကျန်းမာရေးမှူး ဦးမောင်အေးသာက “ပန်းတောပြင်ရွာကို ကွင်းဆင်းတဲ့အခါလည်း မိုဘိုင်းဆေးခန်းဖွင့်တယ်။ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံတာလုပ်တယ်။ အခုတော့ အခက်အခဲမရှိဘူး။ အခုတော့ လိုလိုလားလား လာထိုးကြတယ်။ အရင် ပိုလီယိုကာကွယ်ဆေး ထိုးတဲ့အခါလို ငြင်းဆန်တာတော့မရှိဘူး။ ဒီကနေ့ဆိုရင် ညောင်ချောင်းရွာ၊ နောက်တစ်ခါ တောင်ပြိုနယ်စပ်မှာ သင်္ဘောလှနဲ့ သာယာကုန်း၊ သရက်အုပ်အုပ်စုတွေမှာ မိုဘိုင်းဆေးခန်းဖွင့်တာနဲ့အတူ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးတာတွေ လုပ်နေပါတယ်” ဟု ပြောကြားသည်။

မောင်တောမြို့နယ် ကျန်းမာရေးဌာနမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ရွေ့လျားဆေးအဖွဲ့သည် ဘင်္ဂါလီကျေးရွာသို့သွားရောက်ပြီး အထွေထွေရောဂါများ ကုသပေးခြင်းနှင့် အသက်ကိုးလမှ ၁၅ နှစ်အောက် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ် ကျန်းမာရေးဌာနက ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဒေသအတွင်း ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများသို့ သွားရောက်ကာ တစ်လလျှင် နှစ်ကြိမ်ခန့် ရွေ့လျားဆေးအဖွဲ့က ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent