ခွင့်ပြုမိန့် မရှိဘဲ ကျွန်းသစ် ထုတ်ယူခြင်း၊ သယ်ယူ ရွှေ့ပြောင်းခြင်း၊ တရားမဝင် လက်ဝယ်ထားရှိခြင်း ပြုလျှင် အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်မည့် သစ်တောဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း

ခွင့်ပြုမိန့် မရှိဘဲ ကျွန်းသစ် ထုတ်ယူခြင်း၊ သယ်ယူ ရွှေ့ပြောင်းခြင်း၊ တရားမဝင် လက်ဝယ်ထားရှိခြင်း ပြုလျှင် အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်မည့် သစ်တောဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 3 August 2017

ခွင့်ပြုမိန့် မရှိဘဲ ကျွန်းသစ် ထုတ်ယူခြင်း၊ သယ်ယူ ရွှေ့ပြောင်းခြင်း၊ တရားမဝင် လက်ဝယ်ထားရှိခြင်း ပြုလျှင် အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ အများဆုံး ၁၅ နှစ်ထိ ထောင်ဒဏ် ချမှတ်မည့် သစ်တောဥပဒေကြမ်းကို သြဂုတ် ၃ ရက်က ပြည်သူ့လွှတ်တော်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီက တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရ၏ သစ်တောမူဝါဒကို အကောင်အထည်ဖော်ရန်၊ ပြည်ထောင်စုအစိုး၏ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒကို အကောင်အထည်ဖော်ရန်၊ ပြည်ထောင်စုအစိုးရ၏ သစ်တောရေးရာ မူဝါဒ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒတွေကို အကောင်အထည် ဖော်ရာမှာ ပြည်သူ့တို့၏ ပူးပေါင်း ဆောင်ရွက်မှု အခန်းကဏ္ဍကို မြှင့်တင်ရန်၊ သစ်တော နှင့် ဇီဝမျိုးများ ပြုန်းတီးခြင်း၊ မီးလောင်ခြင်း၊ ပိုးမွှား ကျရောက်ခြင်းနှင့် အပင်ရောဂါကျ ရောက်ခြင်း၊ ဘေးအန္တရာယ်တို့မှ ထိန်းသိမ်းကာကွယ်ရန်၊ သဘာဝသစ်တောများ ထိန်းသိမ်းကာကွယ်ရန်နှင့် သစ်တောစိုက်ခင်းများ တည်ထောင်ရေးတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရန် စသည့်အချက်များကို ရည်ရွယ် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ကော်မတီက ဥပဒေကြမ်း တင်သွင်းစဉ် ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းတွင် မည်သူမဆို ခွင့်ပြုမိန့်မရှိဘဲ ကျွန်းသစ်ကို ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် တရားမဝင် လက်ဝယ်ထားရှိခြင်း ပြုလျှင် ထိုသူအား အနည်းဆုံး ငါးနှစ်မှ အများဆုံး ၁၅ နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ် အနည်းဆုံး ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၃၀ အထိချ မှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် မည်သူမဆို သစ်တောနယ်မြေတွင် ဖြစ်စေ၊ အစိုးရက စီမံခန့်ခွဲခွင့် ရှိသော မြေတွင်ဖြစ်စေ ခွင့်ပြုမိန့် မရရှိဘဲ ကျွန်းပင်ကို သင်းသတ်ခြင်း၊ ခုတ်လဲှခြင်း၊ ပိုင်းဖြတ်ခြင်း ပြုလျှင် ထိုသူအား အနည်းဆုံး ငါးနှစ်မှ အများဆုံး ၁၅ နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်အနည်းဆုံး ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၃၀ အထိ ချမှတ်နိုင်သည်ဟု လည်းကောင်း၊ မည်သူမဆို သစ်တောနယ်မြေနှင့် အစိုးရက စီမံခန့်ခွဲခွင့် ရှိသော မြေမှအပ ကျန်မြေပေါ်တွင် ပေါက်ရောက် တည်ရှိနေသော ကျွန်းပင်ကို ခွင့်ပြုမိန့် မရရှိဘဲ သင်းသတ်ခြင်း၊ ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း ပြုလျှင် ထိုသူအား ငါးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်နှစ်သိန်းမှ အများဆုံး ကျပ် ခြောက်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံစေရမည်ဟု လည်းကောင်း ဖော်ပြထားသည်။

ထို့ပြင် သစ်တောနယ်မြေများအတွင်း ရေစီးရေလာ ပျက်စီးစေခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်း၊ ရေတွင် လျှပ်စစ်ဓာတ်အားကို ဖြတ်စီးစေခြင်း၊ ဓာတုဗေဒပစ္စည်း သို့မဟုတ် ပေါက်ကွဲစေတတ်သောအရာများ အသုံးပြုခြင်း၊ သစ် တောနယ်မြေအတွင်း ခွင့်ပြုမိန့်မရဘဲ တိရစ္ဆာန်များအား ဖမ်းဆီးခြင်း၊ အမဲလိုက် ပစ်ခတ်ခြင်း သို့မဟုတ် ငါးဖမ်းခြင်း စသည်တို့ ပြုလုပ်ကျူးလွန်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသောင်းမှ ကျပ် ၁၅၀၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ကျခံစေရမည်ဟုလည်း ဖော်ပြထားသည်။

Most Read

Most Recent