ထိုင်းဘတ်ငွေဈေး စံချိန်တင်မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဈေးမြင့်တက်လာကာ ကုန်စည်ဒိုင်နှင့် လက်လီလက်ကား အရောင်းဆိုင်များ အရောင်းအဝယ်အေး

ထိုင်းဘတ်ငွေဈေး စံချိန်တင်မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဈေးမြင့်တက်လာကာ ကုန်စည်ဒိုင်နှင့် လက်လီလက်ကား အရောင်းဆိုင်များ အရောင်းအဝယ်အေး
Published 23 November 2017

မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်လာသည့် ကုန်ကားများကို တွေ့ရစဉ်

ထိုင်းဘတ်ငွေဈေးစံချိန်တင် မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ဈေးမြင့်တက်လာခဲ့ကာ နယ်စပ် မြဝတီမြို့ ဈေးကွက်ရပ်ဝန်း ရှိကုန်စည်ဒိုင်နှင့် လက်လီလက်ကား အရောင်းဆိုင်များ အရောင်းအဝယ် အေးလျက်ရှိပြီး တစ်နိုင်တစ်ပိုင် ရောင်းဝယ်ကုန်သွယ်မှုနှင့် လျော့နည်းလျက်ရှိကြောင်း သိရသည်။

“ငွေဈေးသဘောအရ အတက်ပဲဖြစ်ဖြစ်၊ အကျပဲဖြစ်ဖြစ် အရောင်းအဝယ် အေးပါတယ်။  ထိုင်းဘတ်ဈေးတက်တဲ့အတွက် ဘတ်နဲ့ပဲရောင်းတဲ့ ဆိုင်ကယ်တွေကို မြန်မာငွေနဲ့ လာဝယ်တဲ့ခါကျတော့ ဘတ်ဈေးအတိုင်း တွက်ရတဲ့အတွက် တစ်စီးကိုကျပ် နှစ်သောင်းနဲ့အထက် မြင့်တက်သွားပါတယ်။ တခြား ကုန်ပစ္စည်းတွေလည်း ဒီလိုပါပဲ တစ်မယ်ကို နှစ်ထောင်၊ သုံးထောင်ဈေးမြင့်သွားတော့ တချို့ကုန်သည်လေးတွေ၊ တစ်နိုင်တစ်ပိုင် ဝယ်ရောင်းလုပ်သူတွေ အဝယ်တက်မလာတော့ဘူး။ တချို့ ကုန်မျိုးစုံ အရောင်းဆိုင်တွေ အရောင်းအဝယ်ကျနေပါတယ်” ဟု  မြဝတီနယ်စပ်ဈေးကွက်၌ တရားဝင် မော်တော်ဆိုင်ကယ် တင်သွင်းရောင်းချနေသူ ကိုညာက က ပြောကြားသည်။

ယခုနှစ်ဆန်းပိုင်းကစ၍ ထိုင်းဘတ်ငွေဈေးမှာ ဒေါ်လာဈေးနှင့်အပြိုင် တရိပ်ရိပ် မြင့်တက်လာခဲ့ခြင်းကြောင့် မြဝတီနယ်စပ်သို့ တစ်နိုင်တစ်ပိုင် လာရောက်ပြီး ကုန်ပစ္စည်း ဝယ်ယူသူများမှာလည်း  ရောင်းဈေးနှင့် ဝယ်ဈေးတွက်ခြေမကိုက်ဖြစ်ကာ လက်လီလက်ကား ကုန်စည်ဆိုင်ကြီးများ အရောင်းအဝယ် လျော့ကျလျက်ရှိသည်ဟု ဆိုသည်။

“ထိုင်းဘတ်ငွေနဲ့ဝယ်ရင်တော့ အရင်ဈေးအတိုင်းပါပဲ။ မြန်မာငွေနဲ့ဝယ်ရင်သာ ဘတ်ဈေးတက်သလောက်  အလိုက်ပေးပြီး ဝယ်နေရတာလေ။ ရောင်းလို့ရတဲ့အမြတ်က ပြန်ဝယ်ရတဲ့ အရင်းကို လိုက်မမီဘူး။ အရှုံးပေါ်နေတာပေါ့။ ထိုင်းဘတ်ငွေဈေး မြင့်တက်လာတာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာဟာ မြန်မာငွေ လက်ဝယ်ရှိနေရုံနဲ့ အရှုံးပြနေတယ်” ဟု မြဝတီနယ်စပ်မှ  ကုန်ပစ္စည်း များဝယ်ယူပြီးပဲခူး၊ ညောင်လေးပင်မြို့သို့ တစ်နိုင်တစ်ပိုင် ကုန်စည်ကူးသန်းရောင်းဝယ်နေသူ မနီက ပြောကြားသည်။

မြဝတီမြို့တွင် ထိုင်းကုန်ပစ္စည်းများအား ထိုင်းဘတ်ငွေဖြင့်ဝယ်ယူပါက ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုမရှိသော်လည်း မြန်မာကျပ်ငွေဖြင့်ဝယ်ယူရာတွင် ထိုင်းဘတ်ငွေ ပေါက်ဈေးအတိုင်းတွက်ပြီး ရောင်းချကြသဖြင့် ဈေးမြင့်တက်သွားခြင်း ဖြစ်သည်။

မြဝတီနယ်စပ်ငွေကြေး ရောင်းဝယ်မှု ဈေးကွက်မှာ ဇွန်လပထမပတ်တွင် မြန်မာကျပ်ငွေ ၁၀၀ လျှင် ထိုင်းငွေ  ၂ ဒသမ ၅၀ ဘတ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ရာမှ ထိုင်းဘတ်ငွေဈေး တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်တွင် မြန်မာကျပ်ငွေ ၁၀၀လျှင် ထိုင်းဘတ်၂ ဒသမ ၄၁၅ ဘတ်ထိ ထိုင်းနိုင်ငံသုံး ဘတ်ငွေဈေး မြင့်တက်သွားခဲ့သည်။

ယင်းကဲ့သို့ထိုင်းဘတ်ငွေဈေး မြင့်တက်နေသည့်အတွက် ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုထံ ပြန်ပို့ငွေလည်း မြင့်တက်လာသည်ဟု ထိုင်းနိုင်ငံ မဟာချိုင်ခရိုင်ရှိ ကားရေဆေးလုပ်ငန်းတွင် လုပ်ကိုင်နေသူ ကိုလင်းဦးက ပြောကြားသည်။

Most Read

Most Recent