လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးကာလအတွင်း ရောက်ရှိလာသည့် တိုင်ကြားစာများတွင် ပြည်ထဲရေးနှင့် သက်ဆိုင်သည့် တိုင်ကြားစာ အများဆုံးဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကော်မတီ အစီရင်ခံစာ တင်သွင်း

လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးကာလအတွင်း ရောက်ရှိလာသည့် တိုင်ကြားစာများတွင် ပြည်ထဲရေးနှင့် သက်ဆိုင်သည့် တိုင်ကြားစာ အများဆုံးဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကော်မတီ အစီရင်ခံစာ တင်သွင်း
Published 3 August 2017

အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးကာလအတွင်း ရောက်ရှိလာသည့် တိုင်ကြားစာများတွင် ပြည်ထဲရေးနှင့် သက်ဆိုင်သည့် တိုင်ကြားစာ အများဆုံးဖြစ်ကြောင်း ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီက အစီရင်ခံစာ တင်သွင်းသည်။

ပြည်သူတို့၏ တိုင်ကြားစာများအား ကော်မတီတွင် သုံးသပ်ပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် စသည်ဖြင့် ပြန်လည်ပေးပို့လျက် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ ပေးပို့ညှိနှိုင်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် တိုင်ကြားစာများမှာ အများဆုံးဖြစ်သည်ကို တွေ့ရကြောင်း၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အမှုတွဲများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ပြန်လည်တင်ပြသော အရေအတွက်သည် နည်းပါးနေသေးကြောင်း၊ အချို့သော ဆောင်ရွက်မှုများသည် ကျေနပ်အားရဖွယ် မရှိကြောင်း၊ အရေးယူ ဆောင်ရွက်မှု အားနည်းနေသေးခြင်းများကြောင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် အလေးထား ဆောင်ရွက်ပြန်ကြားသင့်ကြောင်း ကော်မတီက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းသည်။

ပြည်သူများ၏ တိုင်ကြားစာများအား ပြည်ထောင်စုဝန်ကြီးဌာနများသို့ ပေးပို့ခဲ့သည့် အမှုတွဲများတွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့သည့် အမှုတွဲ ၅၈ ခု၊ ပြန်ကြားသည့် အမှုတွဲ ၁၃ ခုသာ ရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ အမှုတွဲ ရှစ်ခု ပေးပို့ရာတွင် အမှုတွဲသုံးခု ပြန်ကြားကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အမှုတွဲတစ်ခု ပေးပို့ထားသော်လည်း ပြန်ကြားခြင်း မရှိသေးကြောင်း၊ သမ္မတရုံးဝန်ကြီးဌာနသို့ အမှုတွဲ ရှစ်ခု ပေးပို့ထားသော်လည်း ပြန်ကြားခြင်း မရှိသေးကြောင်း၊ ဝန်ကြီးဌာန ၁၇ ခုသို့ အမှုတွဲပေါင်း ၁၂၅ ခု ပေးပို့ခဲ့ပြီး ပြန်ကြားသည့် အမှုတွဲ ၅၅ ခုရှိကာ ပြန်ကြားရန် အမှုတွဲ ၇၀ ကျန်ရှိနေသေးကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent