ရခိုင်ပြည်နယ်တွင် အစိုးရလုံခြုံရေးအဖွဲ့ဝင်များ၏ တုံ့ပြန်မှုများသည် ဘင်္ဂါလီများအပေါ် မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း လက္ခဏာအခြေအနေရှိနေသည်ဟု မြန်မာနိုင်ငံသို့ လေ့လာရေးလာရောက်သည့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပြောကြား

ရခိုင်ပြည်နယ်တွင် အစိုးရလုံခြုံရေးအဖွဲ့ဝင်များ၏ တုံ့ပြန်မှုများသည် ဘင်္ဂါလီများအပေါ် မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း လက္ခဏာအခြေအနေရှိနေသည်ဟု မြန်မာနိုင်ငံသို့ လေ့လာရေးလာရောက်သည့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပြောကြား
Published 22 November 2017

ရခိုင်ပြည်နယ်တွင် အစိုးရလုံခြုံရေးအဖွဲ့ဝင်များ၏ တုံ့ပြန်မှုများသည် ဘင်္ဂါလီများ(ရိုဟင်ဂျာဟု သုံးနှုန်း)အပေါ် မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း လက္ခဏာ အခြေအနေရှိနေသည်ဟု မြန်မာနိုင်ငံသို့လေ့လာရေးလာရောက်သည့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က နိုဝင်ဘာ ၂၁ ရက်တွင်ပြောကြားသည်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီအဖွဲ့ဝင် အထက်လွှတ်တော်အမတ် Jeff Merkley ဦးဆောင်သော အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအတွင်း လေ့လာရေးခရီးစဉ်ပြီးဆုံးပြီးနောက် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်း ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel တွင်မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းရာ၌ ထိုသို့ပြောကြားခြင်းဖြစ်သည်။

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့မလာရောက်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးစွာသွားရောက်ပြီး ဘင်္ဂလားဒေ့ရှ်တွင် နေရာများစွာသွားလေ့လာခဲ့ကာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့အား တွေ့ဆုံခဲ့သည့်အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များ၊ ဘင်္ဂါလီဒုက္ခသည်များနှင့်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် Jeff Merkley ကပြောကြားသည်။

''ကျွန်တော်တို့အဖွဲ့ဟာ အဓိကအချက်အလက်ရှာဖွေဖို့ဖြစ်ပါတယ်။ သြဂုတ် ၂၃ မတိုင်ခင်နဲ့ အဲဒီနောက်ပိုင်းမှာဖြစ်လာတဲ့ အခြေအနေတိုးတက်မှုတွေကို အချက်အလက်ရှာဖွေဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံက ဒီမိုကရေစီကို သွားနေတဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ကို အရပ်သားအစိုးရအနေနဲ့ တပ်မတော်နဲ့ မျှတခွဲဝေသုံးစွဲနေပါတယ်။   မြန်မာမှာ ထူးခြားတဲ့ အကြမ်းဖက်ပဋိပက္ခတွေ ရှိနေသေးတယ်။ အဓိက အကြမ်းဖက်မှုပဋိပက္ခတွေက ပြည်နယ်တော်တော်များများမှာ တွေ့နေရတယ်။ အဓိကပြည်နယ်တွေကတော့ ရှမ်း၊ ကချင်၊ ရခိုင် တို့ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မကြာသေးမီက ဖြစ်ခဲ့တဲ့ပဋိပက္ခတွေနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရှုံ့ချတယ်။ ARSA အဖွဲ့လုံခြုံရေးကင်းစခန်းတွေကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ အဲဒီကနေပြီးတော့ ဒါဇင်နဲ့ချီတဲ့သေဆုံးမှုတွေကို ကျွန်တော်တို့ရှုံ့ချတယ်။ အဲဒီလုပ်ရပ်တွေကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ ဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေတာကို သိရှိခဲ့ရတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ ဒေသခံအုပ်စုများရဲ့ ဘင်္ဂါလီများအပေါ် ကြမ်းတမ်းသောတုံ့ပြန်မှုအပေါ်မှာ ကျွန်တော်တို့ကို အကြီးအကျယ် စိုးရိမ်စရာဖြစ်စေခဲ့တယ်'' Jeff Merkley ကပြောကြားသည်။

ထိုသို့ တပ်မတော်နှင့်ဒေသခံအုပ်စုများ၏ အကြမ်းဖက်မှုများကြောင့်  ထွက်ပြေးခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော ဒုက္ခသည်များ ကြုံတွေ့ခဲ့ရသည် ဆိုးဝါးသောအခြေအနေများသည် မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်းလက္ခဏာများ ဖြစ်ကြောင်း၊ နယ်စပ်များဖွင့်ပေးကာ လူသားချင်း စာနာမှု အကူအညီများပေးအပ်နိုင်ရန်  နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မြန်ဆန်ဆန်ကြိုးပမ်းခဲ့သည်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအားချီးကျူးကြောင်း Jeff Merkley ကပြောကြားသည်။

''ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုရမှာ၊ ဒုက္ခသည်တွေက ပြောပြတာတွေကိုလည်း အများအပြား ကြားသိခဲ့ရပါတယ်။ သူတို့ရဲ့ သားသမီးတွေ၊ ခင်ပွန်းတွေ သူတို့မျက်စေ့ရှိမှာ အသတ်ခံခဲ့ရသလို၊ ဇနီးတွေ၊ သမီးတွေ အဓမ္မကျင့်ခံခဲ့ရတာတွေလည်း ကြားခဲ့ရပါတယ်။ ဒါတွေအားလုံးဟာ မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်းရဲ့ လက္ခဏာအခြေအနေတွေပါ”ဟု Jeff Merkley ကပြောကြားသည်။

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ရခိုင်ပြည်နယ်သို့သွားရောက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံခြင်း၊ စစ်တွေမြို့တွင် ရခိုင်အမျိုးသားပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီများအားသွားရောက်တွေ့ဆုံခဲ့ပြီး နေပြည်တော်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူအချို့နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

Most Read

Most Recent