SKD စနစ်ဖြင့် မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းအစိတ်အပိုင်း ၁၀ မျိုးဖြင့်သာ တင်သွင်းထုတ်လုပ်ခွင့်ပြုမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်သတ်မှတ်

SKD စနစ်ဖြင့် မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းအစိတ်အပိုင်း ၁၀ မျိုးဖြင့်သာ တင်သွင်းထုတ်လုပ်ခွင့်ပြုမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်သတ်မှတ်
Published 22 November 2017

မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံရှိသည့် Ford ၏ အရောင်းပြခန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

Semi Knock - Down (SKD- အစိတ် အပိုင်းများတင်သွင်းလာပြီး ပြန်လည်တပ်ဆင်ထုတ်လုပ်သည့်စနစ်) စနစ်ဖြင့် မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရာတွင် မော်တော်ယာဉ်ကုန်ကြမ်းပစ္စည်း အစိတ်အပိုင်း ၁၀ မျိုးဖြင့်သာ တင်သွင်းထုတ်လုပ်ခွင့်ပြုမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့်ကြေညာစာအမှတ် ၈၅/ ၂၀၁၇ ဖြင့် ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းအား SKD စနစ်ဖြင့် ထုတ်လုပ်ရာတွင် အသစ်ပြင်ဆင်သတ်မှတ်ထားသည့် SKD - 2 သတ်မှတ်ချက်ပါ မော်တော်ယာဉ်ကုန်ကြမ်းပစ္စည်း အစိတ်အပိုင်း ၁၀ မျိုးဖြင့်သာ ထုတ်လုပ်ခွင့်ပြုမည်ဟု ကြေညာထားခြင်း ဖြစ်သည်။

Ford ကားများ တပ်ဆင်ထုတ်လုပ်နေသည့် Capital Automotive Ltd မှ Mangaing Director ဦးခင်ထွန်းက “အခုထုတ်တဲ့ သတ်မှတ်ချက်အရင် ကိုးချက်နဲ့ဆိုရင် အများကြီးတော့မကွာဘူး၊ ကားဘော်ဒီနဲ့ တံခါးပိုင်းမှာတော့ နည်းနည်းပြဿနာရှိတယ်။ ကျွန်တော်တို့ကားတွေက ဘော်ဒီနဲ့ တံခါးတွဲလျက်လာတာ။ ဟိုမှာဆေးမှုတ်ကတည်းက တံခါးကို ဆေးစိမ်ပြီးဘော်ဒီမှာတွဲပြီး ဆေးမှုတ်တာ။ အခုစည်းကမ်းချက်မှာတော့ ဒါကိုခွဲခိုင်းထားတယ်။ အဲဒီလိုခွဲပြီး လာမယ်ဆိုပြီး သယ်ယူပို့ဆောင်ရေးပိုင်းမှာ အခက်အခဲရှိတယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကတည်းက အကျိုးသက်ရောက်မှုရှိစေ ရမယ်ဆိုတာကလည်း ဘာကိုဆိုလိုမှန်း မသိသေးဘူး” ဟု ပြောကြားသည်။

အဆိုပါ ကုန်ကြမ်းပစ္စည်းအစိတ်အပိုင်း ၁၀ မျိုးမှာ (က) Engine Assembly, Transmission & Clutch System (ခ) Welded / Painted Body With Including Chassis Group (Combination Meters , Interior Trimming Parts, Lamp , Wind Shield and Wire harness များ မတပ်ဆင်ရပါ) (ဂ) Front Axles / Front Independent Suspension/ Rear Axles (ဃ) Suspension Component (င)Steering Wheel and Related Parts (စ) Exhaust System (ဆ) Wheels & Tyres (ဇ) Seat Assembly (ဈ) Trimming Parts,Dashboard , Instrument Panel,Windshields , Wire harness and other Accessories  (ည) Door Group (Front and Rear) without Accessories တို့ဖြစ်ပြီး ယင်း အမိန့်ကြေညာစာသည် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၂ ရက်မှစတင်၍ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

“၂၀၁၂ တုန်းကတော့ MIC က စခွင့်ပြုတဲ့အချိန်မှာ အစိတ်အပိုင်းတွေ တင်သွင်းပြီး ဒီမှာပြန်တပ်ဆင်ထုတ်လုပ်ပေါ့။ ဒါပေမဲ့ ၂၀၁၅ ဇူလိုင်နောက်ပိုင်းမှာ စက်မှုဝန်ကြီးဌာနက သတ်မှတ်တဲ့ အပိုင်းကိုးပိုင်းခွဲပြီး သွင်း၊ ဒီမှာပြန်တပ်ဆင်ဆိုပြီး ဖြစ်သွားတယ်။ အဲဒီအချိန်မှာ အမှန်တကယ်အစိတ်အပိုင်း ထောင်နဲ့ချီပြီး တကယ်တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံတွေလည်းပေါ်လာသလို သတ်မှတ်ချက်အတိုင်း မလုပ်ဘဲ မမှန်မကန်လုပ်တဲ့သူတွေလည်း ဆက်ရှိနေတာပေါ့။ အခုစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကတော့ SKD စနစ်ကို အပြည့်သွားဖို့လုပ်တာပေါ့။ မှန်မှန်ကန်ကန် လုပ်နေတဲ့လုပ်ငန်းတွေ အခက်အခဲအများကြီး မရှိနိုင်ပါဘူး” ဟု မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံလုပ်ငန်းများမှာ Super seven Stars Motor Industry Co., Ltd (KIA) ၊ Dynamic Industry Co.,Ltd (KIA) ၊ Capital Motor Co., Ltd (Ford) ၊ Global Heavy Industry Manufacturing Co.,Ltd (Cherry) ၊ Suzuki Myanmar Motor Co.,Ltd (Suzuki) ၊ Tan Chong Motor Co.,Ltd (Nissan) ၊ Myanmar General Motor Co., Ltd (Lifan) ၊ The First Automotive Co.,Ltd (Isuzu Pick up) ၊ Myanmar Economic Holding Co., Ltd ( Yutond Bus) ၊ Khaing Khaing Sanda Group Ltd (Faw) စသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent