သာပေါင်းမြို့နယ်အတွင်းမှ ကျောင်းသားတစ်ဦး သေဆုံးမှုမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကြောင့် မဟုတ်ဟုဆို

သာပေါင်းမြို့နယ်အတွင်းမှ ကျောင်းသားတစ်ဦး သေဆုံးမှုမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကြောင့် မဟုတ်ဟုဆို
Published 22 November 2017

ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ်အတွင်း ကျောင်းသားတစ်ဦးသေဆုံးခဲ့မှုမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

သာပေါင်းမြို့နယ် ရှောပြာကုန်းကျေးရွာအုပ်စု ကညင်ကျောင်းကျေးရွာရှိ သုဗိန္န အမကတွင် ပထမတန်း တက်ရောက်သင်ကြားနေသော ကျောင်းသားတစ်ဦးဖြစ်သည့် မောင်ကျော်ဇင်ထက်မှာ  နိုဝင်ဘာ  ၁၆ ရက်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့ပြီးနောက်  ၁၇ ရက်တွင် ဖျားခဲ့ပြီး ၁၉ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သောကြောင့် ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကြောင့် သေဆုံးခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ဧရာဝတီတိုင်းကျန်းမာ ရေးဦးစီးဌာနမှ စိစစ်ခဲ့ရာ ကာကွယ်ဆေး ထိုး နှံခြင်းကြောင့်မဟုတ်ကြောင်း သိရသည်။

“ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကြောင့်ဖြစ်တာ မဟုတ်ဘူး။ အဓိက,ကတော့ ဒီနှစ်ရက်သုံးရက်အတွင်းမှာ ကလေးက အရမ်းအားနည်းနေတယ်။ အရင်တုန်းက ရောဂါလက္ခဏာရှိနေတယ်။ နောက် ကျွန်မတို့ ဒီဆေးထိုးမယ်ဆိုတဲ့အချိန်ကတည်းက ဘယ်လိုလူမျိုးတွေ ဆေးမထိုးသင့်ဘူးဆိုတာ ထုတ်ထားတာရှိပါတယ်။ နည်းနည်းတော့ Side Effect လေးကတော့ ရှိပါတယ်။ အသက် ဆုံးရှုံးနိုင်လောက်တဲ့ Side Effect မဟုတ်ပါဘူး” ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

အဆိုပါသေဆုံးခဲ့သည့် ကလေးမှာ ဆေးထိုးနှံပြီးနောက် သုံးရက်မြောက်နေ့မှသာ သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံးသူ၏ ညီအစ်ကို မောင်နှမအရင်းများပါ တစ်နေ့တည်း ထိုးနှံခဲ့သော်လည်း တစ်စုံတစ်ရာဖြစ်ပွားမှု မရှိကြောင်း၊ သေဆုံးခဲ့သည့်ကလေးမှာ ယခင်က နမိုးနီးယားဖြစ်ပွားခဲ့ခြင်းနှင့် ကျောက်ကပ် အားနည်းနေခဲ့ရာ မိဘများကလည်း သတင်းအချက်လက် မရရှိခဲ့ကြောင်းနှင့်  ဖြစ်ပွားနေစဉ် တိုက်နယ်ဆေးရုံသို့ ပိုဆောင်ကုသရန် ငွေကြေး အခက်အခဲကြောင့် အချိန်မီကုသနိုင်ခြင်း မရှိခဲ့၍ သေဆုံးခြင်းဖြစ်သည်ဟု လူမှုရေးဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent