၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏လိုငွေကို ဖြည့်ဆည်းရန်အတွက် ဗဟိုဘဏ်မှ ကျပ် ၁၂၃၆ ဘီလျံ ချေးယူရန်လျာထားခဲ့သော်လည်း ကျပ်ဘီလျံ ၅၅၀ ကျော်လွန်ချေးယူခဲ့ရမှု ပြည်ထောင်စုလွှတ်တော် အတည်ပြု

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏လိုငွေကို ဖြည့်ဆည်းရန်အတွက် ဗဟိုဘဏ်မှ ကျပ် ၁၂၃၆ ဘီလျံ ချေးယူရန်လျာထားခဲ့သော်လည်း ကျပ်ဘီလျံ ၅၅၀ ကျော်လွန်ချေးယူခဲ့ရမှု ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 22 November 2017

နိုဝင်ဘာ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မစတင်မီ တက်ရောက်လာသော ကိုယ်စားလှယ်များကို တွေ့ရစဉ်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏လိုငွေကို ဖြည့်ဆည်းရန်အတွက်  ဗဟိုဘဏ်ထံမှ ကျပ် ၁၂၃၆ ဘီလျံ ချေးယူရန် လျာထားခဲ့သော်လည်း ကျပ် ဘီလျံ ၅၅၀ ကျော်လွန်ချေးယူခဲ့ရမှုကို  နိုဝင်ဘာ ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းတို့က ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြသည်။

နိုင်ငံတော်သမ္မတက  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အစိုးရအဖွဲ့၏ အမှန်တကယ် ငွေချေးယူနိုင်သည့်ပမာဏမှာ ပြည်တွင်းပြည်ပစုစုပေါင်း ကျပ် ၄၅၀၀ ဘီလျံဖြစ်ကြောင်း၊ ၎င်းချေးယူနိုင်သည့်ပမာဏအပေါ်မူတည်၍ ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏လိုငွေကို ပြည်တွင်းမှ ချေးယူခြင်းဖြင့် ဖြည့်ဆည်းနိုင်ရန် အစိုးရငွေတိုက်စာချုပ်များဖြင့် ရာခိုင်နှုန်း ၃၀၊ အစိုးရ ငွေတိုက်လက်မှတ်များဖြင့် ရာခိုင်နှုန်း ၃၀ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရာခိုင်နှုန်း ၄၀ ချေးယူဖြည့်ဆည်းရန် သတ်မှတ်လျာထားခဲ့ရာ ပြည်တွင်းချေးယူနိုင်သည့် ကျပ် ၃၀၉၀ ဘီလျံအနက် ဗဟိုဘဏ်ထံမှ ကျပ် ၁၂၃၆  ဘီလျံအထိ ချေးယူနိုင်ရန်လျာထားခဲ့ကြောင်း ပါရှိသည်။

၎င်းလျာထားချက်အတိုင်း ဗဟိုဘဏ်ထံမှ ကျပ် ၁၂၃၆ ဘီလျံ ချေးယူနိုင်ရေး ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြရာ လွှတ်တော်က အတည်ပြုခဲ့သည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ ပါ ပြဋ္ဌာန်းချက်အရ  အမှန်တကယ်ချေးယူနိုင်မည့် ပမာဏသည် ကျပ်ဘီလျံ ၄၅၀၀ အစား ကျပ်ဘီလျံ  ၅၀၀၀ သို့ ပြောင်းလဲခဲ့မှုကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ငွေချေးယူခြင်းကို မူလလျာထားသည့် ကျပ် ၁၂၃၆ ဘီလျံအစား ကျပ် ၁၄၉၅ ဒသမ ၂ ဘီလျံသို့ အချိုးကျ တိုးမြှင့်သတ်မှတ်ရမည်ဖြစ်သော်လည်း ဗဟိုဘဏ်ထံမှ ငွေချေးယူမှုကို လျှော့နိုင်ရန် ရည်ရွယ်၍ ယခင်အတည်ပြုထားသည့် ကျပ် ၁၂၃၆ ဘီလျံ အတိုင်းသာ ချေးငွေရယူရန် ညှိနှိုင်းထားခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏သဝဏ်လွှာတွင် ပါရှိသည်။

သို့သော် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မတ်လစာရင်းပိတ်ချိန်တွင် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းလိုငွေအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မူလအတည်ပြုထားသည့် ချေးပေးနိုင်မည့်ပမာဏ ကျပ် ၁၂၃၆ ဘီလျံထက် ကျပ် ၅၅၃ ဒသမ ၅၃၄ ဘီလျံ ကျော်လွန်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထိုသို့ ကျော်လွန်ချေးယူခဲ့ရခြင်းမှာ သဝဏ်လွှာ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၌ စက်တင်ဘာလတွင် ဖြစ်ပေါ်သည့်ပိုငွေ ကျပ် ၅၂၀ ဒသမ ၇၉၅ ဘီလျံကို ၂၀၁၆ ခုနှစ် မေလ နှင့် ဇွန်လက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ချေးယူငွေအတွက် ပြန်လည်ရွေးနုတ်ခဲ့ခြင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပေါ်သည့် ပိုငွေ ကျပ် ၅၇၆ ဒသမ ၂၄၅ ဘီလျံ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်းက ဗဟိုဘဏ်ထံမှ ချေးယူငွေအတွက် ပြန်လည်ရွေးနုတ်ခဲ့ခြင်း၊ ငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များကို ပြင်ပဈေးကွက်သို့ လေလံစနစ်ဖြင့် ပုံမှန်ရောင်းချခဲ့သော်လည်း ဈေးကွက်အခြေအနေအရ လျာထားချက်ပြည့်မီမှု မရှိခြင်း၊ ၂၀၁၇ ခုနှစ် မတ်လတစ်လတည်းတွင် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေကျပ် ၁၁၉၈ ဒသမ ၃၈၄ ဘီလျံကို ဖြည့်ဆည်းခဲ့ရခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဗဟိုဘဏ်က ချေးယူရန်လျာထားသည့် ကျပ်ဘီလျံ ၁၂၀၀ ထက် မကျော်လွန်စေရေးအတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် ပိုငွေ ပေါ်ပေါက်သည့်လများ ရှိနေသော်လည်း ယခုအချိန်အထိ ပြန်လည်ရွေးနုတ်ခြင်းမပြုသေးဘဲ  လစဉ် လကုန်ရှိအခြေအနေကို စောင့် ကြည့် သုံးသပ်လျက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

Most Read

Most Recent