လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသားက မြန်မာအလုပ်သမား အမျိုးသမီးအပေါ် ညှဉ်းပန်းနှိပ်စက် အနိုင်ကျင့်ခဲ့သည့်အမှု မုံရွာမြို့နယ်တရားရုံးက ဒဏ်ငွေ ကျပ်ငါးသိန်းချမှတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသားက မြန်မာအလုပ်သမား အမျိုးသမီးအပေါ် ညှဉ်းပန်းနှိပ်စက် အနိုင်ကျင့်ခဲ့သည့်အမှု မုံရွာမြို့နယ်တရားရုံးက ဒဏ်ငွေ ကျပ်ငါးသိန်းချမှတ်
Published 22 November 2017

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသားက မြန်မာအလုပ်သမား အမျိုးသမီးအပေါ် ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်ခဲ့သည့် အမှုကို မုံရွာမြို့နယ်တရားရုံးက ဒဏ်ငွေ ကျပ် ငါးသိန်းဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက်က မုံရွာမြို့နယ်တရားရုံးအတွင်း တရားခံနှင့် တရားလိုပြသက်သေနှစ်ဦးကို ခေါ်ယူကာ အမှုဖြစ်စဉ်အား အသေးစိတ် မုံရွာမြို့နယ်တရားသူကြီးက တရားခွင်တွင် ဖတ်ကြားပြီးနောက် ထိုသို့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တရားလို မကြည်ကြည်မေက နေပြီးတော့ တရားခံ မစ္စတာလီတာချူးကို တရားစွဲဆိုတဲ့ အမှုဖြစ်ပါတယ်။ တရားစွဲဆိုတဲ့အမှုက ဆားလင်းကြီးမြို့နယ် တရားရုံးမှာ စတင်တရားစွဲဆိုတာ။ ရာဇသတ်ကြီး ပုဒ်မ ၃၅၂ နဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၅၄ အရ အရေးယူပေးဖို့အတွက်ကို ဦးတိုက်လျှောက်ထားတယ်။ အဲဒီလို ဦးတိုက်လျှောက်ထားတဲ့ အခါမှာ တရားလိုကို စစ်တယ်။ စစ်တဲ့အခါမှာ စစ်ဆေးပြီး ပေါ်ပေါက်ချက်အရ ၃၅၂ နဲ့ ၃၅၄ အရ လီတာချူးအပေါ်ကို အရေးယူဆောင်ရွက်ခဲ့တယ်။ အရေးယူဆောင်ရွက်ပြီးတော့ တရားလိုနဲ့ တရားလိုပြသက်သေတွေကို စစ်တယ်။ စစ်ပြီးတဲ့အခါမှာ ဆားလင်းကြီးမြို့နယ် တရားရုံးကနေပြီးတော့ လီတာချူးအပေါ်ကို ရာဇသတ်ကြီးပုဒ်မ ၃၅၂ နဲ့ ၃၅၄ အရစွဲချက်တင်တယ်။ အဲဒီစွဲချက်ကို တရားခံဘက်က ကျေနပ်မှုမရှိတဲ့ အတွက်ကြောင့်မို့လို့ စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော်ကို တက်ရောက်တာပေါ့။ တက်ရောက်တဲ့ အခါမှာ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ကနေပြီးတော့ ရာဇသတ်ကြီး ပုဒ်မ ၃၅၂ ကို သီးခြားစွဲဆိုဖို့နော်။ ပယ်ဖျက်လိုက်တယ်။ ၃၅၄ အရ စွဲချက်တင်ထားတဲ့အမှုကို အတည်ပြုလိုက်တယ်။ တရားခံနဲ့ တရားခံပြသက်သေတွေကို ဆက်လက်စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ နောက်ဆုံးမှာ တရားခံအပေါ်ကို ရာဇသတ်ကြီး ပုဒ်မ ၃၅၄ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ဒဏ်ငွေ ငါးသိန်းပေးဆောင်စေ၊ မပေးဆောင်လျှင် ထောင်ဒဏ် နှစ်လကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်” ဟု မုံရွာမြို့နယ် တရားရုံးမှ တွဲဖက်မြို့နယ် တရားသူကြီး သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ  ဒေါ်ဆွေအေးငြိမ်းက ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသားက မြန်မာအလုပ်သမား အမျိုးသမီးအပေါ် ညှဉ်းပန်းနှိပ်စက် အနိုင်ကျင့်ခဲ့သည့် အမှုကို နှစ်နှစ်ကျော်ကြာ ဆားလင်းကြီးမြို့ နယ်တရားရုံးတွင် အမှုစစ်ဆေးခဲ့သော်လည်း စွဲချက်သာ ချမှတ်ခဲ့သည့်အတွက် တရားခံဘက်မှ အဆိုပါ အမှုနှင့် စွဲချက်သည် တရားမျှတမှု မရှိခဲ့သောကြောင့် ခရိုင်တရားရုံးတွင် ဆက်လက်အယူခံဆက်တက်ခဲ့ကြောင်း ခရိုင်မြို့နယ်တရားရုံးမှ အမှု၏ အယူခံအားပယ်ချခဲ့ပြီးနောက် တိုင်းအဆင့်သို့ ဆက်လက်အယူ ခံဆက်တက်ခဲ့ကြောင်း  သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသား၏ အမည်မှာ လီတာချူးဖြစ်ပြီး ညှဉ်းပန်းနှိပ်စက် အနိုင်ကျင့်ခံခဲ့ရသူမှာ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာသူ မကြည်ကြည်မေ ဖြစ်ကြောင်း ယင်းအမှုသည် ၂၀၁၅ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကြည်ကြည်မေက ၎င်းအား ညှဉ်းပန်း နှိပ်စက်အနိုင်ကျင့်ခဲ့သည့် တရုတ်နိုင်ငံသား လီတာချူးကို ဆားလင်းကြီးမြို့မရဲစခန်းတွင် ကာဣန္ဒြေဖျက်ဆီးမှု ဥပဒေပုဒ်မ ၃၅၄ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ဥပဒေပုဒ်မ ၃၅၂ တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း  သိရသည်။

Most Read

Most Recent