အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောဒေသတွင် ပိုင်ရှင်မဲ့ စပါးခင်းဧက ရှစ်သောင်းနီးပါးခန့်ရှိပြီး စပါးများကို ရောင်းချထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြောကြား

အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောဒေသတွင် ပိုင်ရှင်မဲ့ စပါးခင်းဧက ရှစ်သောင်းနီးပါးခန့်ရှိပြီး စပါးများကို ရောင်းချထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြောကြား
Published 22 November 2017

မောင်တောဒေသရှိ ပိုင်ရှင်မဲ့ စပါးခင်းများအား ရိတ်သိမ်းပြီး ရရှိလာသောစပါးများအား အခြောက်ခံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - သားရွှေဦး)

ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်သုံးခုတွင် ပိုင်ရှင်မဲ့စပါး ဧကပေါင်း ရှစ်သောင်းနီးပါးခန့်ရှိကြောင်းနှင့် ယင်းပါးခင်းများမှ ထွက်ရှိသည့် စပါးများကို ရောင်းချရန် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ယင်းတို့အနက် ပိုင်ရှင်မဲ့ဖြစ်သွားသော စပါးခင်းများအား အစိုးရအနေဖြင့် ရိတ်သိမ်းမှုများကို ပြုလုပ်လျက်ရှိရာ ရသေ့တောင်မြို့နယ်တွင် ပိုင်ရှင်မဲ့ စပါးခင်းဧက ၄ç၉၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် ဧကတစ်သောင်းကျော်နှင့် မောင်တောမြို့နယ်တွင် ဧက ၆၅,၀၀၀  ကျော်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

“ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ ရိတ်သိမ်းသူမဲ့နေတဲ့ စပါးတွေ၊ ရိတ်သိမ်းသူမဲ့တယ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့က ဒါဟာ ဘင်္ဂါလီလို့ မဟုတ်ဘူး။ ကျွန်တော်တို့က တိုင်းရင်းသားတွေလည်းပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေမှာ တစ်ခါ၊ မျိုးနွယ်စုတွေရဲ့ လယ်တွေလည်း ပါကောင်းပါနိုင်ပါတယ်။ ရိတ်သိမ်းသူမဲ့နေတဲ့ လယ်တွေအကုန်လုံးကို ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ကတော့ အလေအလွင့်မရှိအောင် ဒီဟာတွေကို စီစဉ်ဆောင်ရွက်နေပါတယ်။ ရောင်းချပြီးတော့ ရလာတဲ့ငွေတွေကို ကျွန်တော်တို့ အစိုးရအဖွဲ့က မကိုင်ပါဘူး။ ကျွန်တော်တို့ ဒီဟာကို မြန်မာနိုင်ငံအစိုးရက တရားဝင်ဖွင့်ထားတဲ့ ဘဏ်မှာပဲ ကျွန်တော်တို့ ငွေစာရင်း ခေါင်းစဉ်ဖွင့်ပြီးတော့ တရားဝင် ကျွန်တော်တို့ တိုက်ရိုက်သွင်းထားမှာ ဖြစ်ပါတယ်” ဟု ဝန် ကြီးဦးကျော်လွင်က ပြောကြားသည်။

အဆိုပါ စပါးများကို ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် အောက်တိုဘာလမှစ၍ သုံးလနှင့်အပြီး ရိတ်သိမ်းပေးနေခြင်းဖြစ်ကြောင်း၊ ရိတ်သိမ်း၍ ရရှိလာသည့် စပါးများကိုဝယ်ယူ သူရှိပါက ရောင်းချသွားမည်ဖြစ်ပြီး ရောင်း၍ရလာသည့် ငွေကြေးများကို နိုင်ငံတော်ဘဏ္ဍာထဲသို့ ထည့်သွင်းသွားမည် မဟုတ်ဟုလည်း အစိုးရက နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“မောင်တောခရိုင်အတွင်းမှာ စုစုပေါင်းဧက လေးသောင်းကျော်ရှိတယ်။ ရိတ်သိမ်း ခြွေလှေ့ပြီး စပါးတွေကို ရောင်းချပြီးသွားပြီ စာချုပ်လည်း ချုပ်ဆိုပြီးပြီ။ ဒေသခံ မောင်တောကုန်သည်တစ်ဦးကို ရောင်းချဖို့ သဘောတူထားတယ်။ တစ်တင်းကို ၂ ဒသမ ၆၅ ဒေါ်လာနှုန်းနဲ့ ရောင်းချထားပါတယ်၊ သူ့အနေနဲ့ တစ်ဖက်နိုင်ငံကို ရောင်းချဖို့အခက်အခဲရှိနေရင် အစိုးရက ကူညီဆောင်ရွက်ပေးသွားမှာပါ၊ ရောင်းတဲ့အခါမှာလည်း စာချုပ်ပါအတိုင်း ရရှိတဲ့ငွေကြေးကို ဘဏ်မှာ အကောင့်ဖွင့်ပြီး ထားရှိမှာပါ။ နိုင်ငံတော်က ချမှတ်ပေးသလို ပြန်လည်သုံးစွဲသွားမှာပါ” ဟု ဝန်ကြီးချုပ်ဦးညီပုက ပြောကြားသည်

ရောင်းချ၍ရလာသည့် ငွေကြေးများကို ပိုင်ရှင်ပေါ်လာသည့်အခါ ပိုင်ဆိုင်မှုနှင့် တိုက်ဆိုင်စစ်ဆေးကာ ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ရိတ်သိမ်းထားသည့် စပါးများအနက် စပါးတင်းပေါင်း ၁၀ သိန်း အတွက် တစ်တင်းကို ဒေါ်လာ ၂ ဒသမ ၆၅ ဒေါ်လာနှုန်းဖြင့်ရောင်းချရန် မောင်တောက ကုန်သည်တစ်ယောက်နှင့် ရခိုင်ပြည်နယ် အစိုးရတို့ သဘောတူစာချုပ်ချုပ်ဆိုထားပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent