ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပုပ်ပွနေသည့် အလောင်းသုံးလောင်း တွေ့ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပုပ်ပွနေသည့် အလောင်းသုံးလောင်း တွေ့ရှိ
Published 22 November 2017

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပုပ်ပွနေသည့် အလောင်းသုံးလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းပြန်ကြားရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၁၉ ရက် နံနက် ၇ နာရီခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာအုပ်စု ၊ သောင်ပညာကျေးရွာ ချောင်းစပ်၌ လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၉ နာရီခွဲတွင် ဝေသာလီဂေါက်ကွင်း အနောက်ဘက် သောင်ပညာချောင်းစပ်၌ ပုပ်ပွနေသည့် အလောင်းတစ်လောင်း၊ နံနက် ၉ နာရီ မိနစ် ၅၀ တွင် ပုပ်ပွနေသည့် အလောင်းနှစ်လောင်း စုစုပေါင်း အလောင်းသုံးလောင်းအား လက်ပြန်ကြိုးတုပ်လျက် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်စီဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် မောင်တောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စုံစမ်းချက်များအရ သေဆုံးသူများမှာ မြို့မကညင်တန်းရပ်ကွက်နေ မူဟာမတ်အီဒ ရစ်(၂၅)နှစ်၊ အဘူဟိုက် (၁၈) နှစ်နှင့် ဟာမိတ် တူဆောင်း (၂၂) နှစ်တို့ ဖြစ်ကြောင်းသိရပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် ပြင်ဖြူနယ်မြေရဲစခန်းမှ အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများသည် မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိရာတွင် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သည့် ဘင်္ဂါလီအရပ်သားများကိုလည်း ဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent