ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအကြား တရားမဝင်ရွှေတွင်းများ၌ အသုံးပြုနေသည့် ဘက်ဟိုး ၅၃ စီးအပါအဝင် ယာဉ်၊ ယန္တရားများကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထား

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအကြား တရားမဝင်ရွှေတွင်းများ၌ အသုံးပြုနေသည့် ဘက်ဟိုး ၅၃ စီးအပါအဝင် ယာဉ်၊ ယန္တရားများကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထား
Published 22 November 2017

ဟောင်ပါးကျေးရွာအနီးတွင် တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဘက်ဟိုးအချို့ကို တွေ့ရစဉ်

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအကြားရှိ တရားမဝင်ရွှေတွင်းများ၌ အသုံးပြုနေသည့် ဘက်ဟိုးယာဉ်(၅၃)စီး အပါအဝင် ယာဉ်၊ ယန္တရားများအား တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရသည်။

နိုဝင်ဘာ ၁၅ ရက်မှ စတင်၍ နိုဝင်ဘာ ၁၉ ရက်အထိ တပ်မတော်မှ နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စုနှင့် ဆယ်ဇင်းကျေးရွာ အုပ်စုတစ်ဝိုက်ရှိ ရွှေမှော်များတွင် တရားမဝင်ရွှေတူးဖော်ရာ၌ အသုံးပြုသည့် ယာဉ်၊ ယန္တရားများနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေတွင်းအုပ်စုတွင် တရားမဝင်ရွှေတူးဖော်ရာ၌ အသုံးပြုသည့် ယာဉ်၊ ယန္တရားများအား တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

“လေးရက်ဆက်တိုက်ဖမ်းပါတယ်။ ဘက်ဟိုးချည်းပဲ ၅၃ စီး၊ တခြားက မြေသယ်ယာဉ် ၁၀ စီး၊ ဆီသယ်ယာဉ်နှစ်စီး၊ စက်လှေသုံးစီး ဖမ်းမိပါတယ်။ ဖမ်းမိထားတဲ့ဟာတွေကိုတော့ ဟောင်ပါးမှာ တစ်နေရာ၊ ဆယ်ဇင်းမှာ တစ်နေရာ နီးစပ်ရာ ထိန်းသိမ်းထားပါတယ်။ လောလောဆယ် ဆက်ဖမ်းဖို့အစီအစဉ် ရှိသေးလားဆိုရင်တော့ ဒါကိုသွားဖမ်းတာ တပ်မမှူးကိုယ်တိုင် ကြီးကြပ်ပြီးဖမ်းတာ။ တပ်မမှူးကတော့ ၁၉ ရက်ကတည်းက ပြန်ရောက်နေပြီ” ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောကြားသည်။

နိုဝင်ဘာ ၁၅ ရက်မှ စတင်၍ တပ်မ (၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ်မောင်မောင်ဇံ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တပ်မတော်သားများနှင့် အမာခံနယ်မြေလူထုတို့ပူးပေါင်း၍ ဖားကန့်မြို့နယ်၊ ဟောင်းပါးကျေးရွာအုပ်စု အတွင်းရှိ ဥရုချောင်းအရှေ့ဘက်ကမ်း၌ တရားမဝင် ရွှေခိုးတူးဖော်နေမှုများအား နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ စကားဝါးမှော်ကျေးရွာ၊ နန့်ပင်းကျေးရွာ၊ ရွှေတောင်ကျော်ကျေးရွာ၊ ကွမ်းဟဲကျေးရွာ၊ နန့်နားလိုင်ကျေးရွာတို့တွင် ဘက်ဟိုးယာဉ် ၁၉ စီး၊ မြေသယ်ယာဉ် နှစ်စီး၊ ဆီသယ်ယာဉ်နှစ်စီး၊ ဆီသယ်စက်လှေကြီး နှစ်စင်းတို့အားကနဦး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ ရက်တွင် တရားမဝင် ရွှေတူးဖော်နေမှုများအား ဆက်လက်၍ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ဟောင်ပါးကျေးရွာအုပ်စုအတွင်းရှိ ကျောက်ဖြူချောင်ကျေးရွာ၊ ဝှေဆိုင်းကျေးရွာ၊ နတ်ရေတောင်ကျေးရွာ၊ နားလိုင်ဆိုင်ကျေးရွာ၊ နမ့်ပါဟုတ်ကျေးရွာ၊ တာလားဖဲကျေးရွာတို့တွင် ဘက်ဟိုးယာဉ် ၁၅ စီး ဖမ်းဆီးမိခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်တွင် ဝှေဆိုင်းကျေးရွာ(မှော်သစ်)၊ နောင်ပေကုန်း မှော်ကျေးရွာ၊ ဝေမမုံကျေးရွာ၊ နမ့်ပါဟုတ် ကျေးရွာတို့တွင် ဘက်ဟိုးယာဉ် ငါးစီးထပ်မံ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဉ်၊ ယန္တရားများတွင် ပိုင်ရှင်မဲ့ယာဉ် အများအပြားလည်း ပါဝင်နေကြောင်း သိရသည်။ နိုဝင်ဘာ ၁၈ ရက်တွင် ခလရ (၂၅၄)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဝေအောင်နှင့် ခလရ (၂၅၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး နေအောင်ကျော်တို့ ဦးစီးသည့် တပ်ဖွဲ့ဝင်များသည်  နယ်မြေရှင်းလင်းမှုပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်းအုပ်စု၊ နန့်စလောင်းမှော်လုပ်ကွက်နေရာတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်ရာတွင် အသုံးပြုသည့် EC 210 , Volvo အမျိုးအစား ဘက်ဟိုးယာဉ်သုံးစီး၊ LC - 90 Changlin အမျိုးအစား ဘက်ဟိုးယာဉ်တစ်စီး၊ စုစုပေါင်း ဘက်ဟိုးယာဉ် လေးစီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ ရက်တွင် ခလရ (၂၅၄)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဝေအောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ ဆက်လက်၍ နယ်မြေရှင်းလင်းမှုပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်းအုပ်စု၊ နန့်စလောင်းမှော် လုပ်ကွက်နေရာတွင် တရားမဝင် ရွှေတူးဖော်လုပ်ကိုင်ရာတွင် အသုံးပြုသည့်  LCA - 225 DOOSAN အမျိုးအစား ဘက်ဟိုးယာဉ်နှစ်စီး၊ EC 210 , Volvo အမျိုးအစား ဘက်ဟိုးယာဉ်တစ်စီး၊ စုစုပေါင်းသုံးစီးအား လည်းကောင်း၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအုပ်စု၊ ချမ်းသာကုန်း ကျေးရွာနေရာတွင် တရားမဝင်ရွှေတူး ဖော်လုပ်ကိုင်ရာတွင် အသုံးပြုသည့်  ZH 210, Hitachi အမျိုးအစားဘက်ဟိုးယာဉ်တစ်စီး၊  LC 220 Hyundai အမျိုးအစား ဘက်ဟိုးယာဉ်တစ်စီး၊ PC 200 Komatsu အမျိုးအစား ဘက်ဟိုးယာဉ်တစ်စီး၊ SK 200 Kobelco အမျိုးအစား ဘက်ဟိုးယာဉ်တစ်စီး၊ EC 290 , Volvo အမျိုးအစား ဘက်ဟိုးယာဉ် တစ်စီး၊ စုစုပေါင်း ငါးစီးအားလည်းကောင်း ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးမိထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှ ယာဉ်၊ ယန္တရားများနှင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှ ယာဉ်၊ယန္တရားများအား ဟောင်ပါးကျေးရွာအုပ်စုနှင့် ဆယ်ဇင်းအခြေပြု ခလရ (၂၇၄) တွင် ထိန်းသိမ်းထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယင်းလုပ်ငန်းစဉ်များကို တပ်မတော်က အောက်ခြေတွင် ကိုင်တွယ်နေပြီးအစိုးရအဖွဲ့သို့ တင်ပြစာများ မရောက်ရှိသေးကြောင်း ပြောကြားသည်။

ဟောင်ပါးဒေသခံတစ်ဦးက “ဒီမှာက ရွှေ၊ ကျောက်စိမ်းထွက်တယ်။ အခုဖမ်းတာက နေရာအများကြီးမှာ ဖမ်းတာ။ တိုင်းကနေ တိုက်ရိုက်ညွှန်ကြားပြီး ဖမ်းတယ်လို့သိရတယ်။ တစ်နေရာမှာ ငါးစီး၊ ၁၀ စီးစုပြီး ထားတယ်။ လုပ်နေကြတာကတော့ ဒေသခံ အာဏာပိုင်တွေ၊ ကေအိုင်အေတွေကောပါ တစ်လကို သိန်းချီပေးပြီး လုပ်နေကြတယ်။ အခုတော့ အားလုံးရှုံးကုန်တာပေါ့။ တချို့လည်းတောထဲ၊ မြေကြီးထဲ၊ ရေထဲတွေဖွက်ထားရတာ။ အခုက အားလုံးကဒုက္ခရောက်သွားတယ်။ ဖြစ်သင့်တာကတော့အစိုးရကနေ ဆွဲခေါ်ပြီးစီမံသင့်တယ်။ ကြိုတင်စီမံပြီး အကောင်းဆုံးကိုင်တွယ်ရင် ကောင်းတာပေါ့။ အရင်ကတည်းက ဒီနေရာကဒီလိုပဲရှာစားခဲ့ကြတော့ အခုတော့ ရှုံးကုန်ပြီ။ အထက်ကို လိုက်တဲ့လူလည်း လိုက်နေကြတုန်း။ ဖမ်းတဲ့တပ်ရင်းကတော့ ပြန်သွားပြီ” ဟု ပြောကြားသည်။

Most Read

Most Recent