လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်သတ်မှတ်

လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်သတ်မှတ်
Published 22 November 2017

နိုဝင်ဘာ ၂၁ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မကျင်းပမီ မြင်ကွင်း (ပုံကြီး)နှင့် ပြင်ဆင်ချက်နှင့်ပတ်သက်၍ သဘောမတူကြောင်း ကန့်ကွက်နေသည်ကို သတင်းထောက်များ သတင်းရယူနေစဉ်(ပုံသေး) (ဓာတ်ပုံ-မျိုးမင်းထက်)

ယခင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း  သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို  ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ ၂၁ ရက်တွင် ပြင်ဆင်သတ်မှတ်ခဲ့သည်။

အဆိုပါပြင်ဆင်ချက်နှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက သဘောမတူကြောင်း ကန့်ကွက်တင်ပြခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဥပဒေကြမ်း ရေးဆွဲခြင်းကို ပြည်သူက ရွေးချယ်ထားတဲ့   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ လည်းကောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှလည်းကောင်း တင်သွင်းခွင့်ရှိပါတယ်။ ဒါကြောင့် အဆိုပါ ကော်မရှင်အနေနဲ့ ဥပဒေကြမ်းများကို ရေးဆွဲပြုစုခြင်းကို သူက ရေးဆွဲလို့မရဘဲနဲ့ အကြံပြုခြင်းကိုသာ ဖြစ်နိုင်ကြောင်း၊ ဒီအတွက် ကျွန်တော့်အနေနဲ့ သဘောမတူကြောင်း တင်ပြအပ်ပါတယ်” ဟု ဦးစိုးသိန်းက ကန့်ကွက်သည်။

ထိုသို့ ဦးစိုးသိန်းကန့်ကွက်ခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယခင်ကလုပ်ပိုင်ခွင့်တာဝန်များနှင့် ယနေ့ ပြင်ဆင်သည့် လုပ်ပိုင်ခွင့်များကို နှိုင်းယှဉ် ကြည့်စေလိုကြောင်း၊ ပြင်ဆင်လိုက်သည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ကျစ်လျစ်ပြီး ဥပဒေ ပြုရေးမဏ္ဍိုင်နှင့် ဆီလျော်အောင် နာယကဘက်က ပြုစုတင်ပြသည်ဟု နားလည်ကြောင်း ပြန်လည်ရှင်းလင်းသည်။

“ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ရဲ့ မူကြမ်းနဲ့ နဂို ၂၀၁၆ ခု နှစ် နိုဝင်ဘာ ၃၀ ရက်တုန်းက ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးလိုက်တဲ့ လက်ရှိ ယနေ့အထိရှိနေတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်နှိုင်း ယှဉ်ကြည့်စေလိုပါတယ်။ နှိုင်းယှဉ်ပြီးတစ်ချက်ချင်းကြည့်ရင် ပြင်ဆင်ချက်က ဘာကြောင့်ပြင်ဆင်ရလဲဆိုတဲ့ ရည်ရွယ်ချက်ကို အားလုံး ပေါက်မြောက်ပါလိမ့်မယ်။ ဥပမာ ခုနကပြောတဲ့(ခ)(ဂ) ကျွန်တော်တင်ပြပါမယ်။ နဂိုတုန်း ကရှိတာက ခေတ်ကာလအခြေအနေနဲ့ လိုက်လျှော်ညီထွေရှိပြီး နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးကိုဖြစ်ထွန်းစေမည့် ဥပဒေကြမ်းများကို ရေးဆွဲပြုစုတင်ပြရမည်။ ဒါဟာ နဂိုတုန်းကနေ အခုထိရှိနေခဲ့ပါတယ်။ အဲဒီတော့ ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေရှိပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကိုဖြစ်ထွန်းစေမည့် ဥပဒေကြမ်းများကို ရေးဆွဲပြုစုတင်ပြရမည်ဆိုတာ ဘယ်အဖွဲ့အစည်းကို တင်ပြရမည်ဆိုတာ မပါပါဘူး။ အဲဒီတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမည်သူကိုမဆို တင်ပြနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ဖြည့်စွက်လိုက်တာက ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမည်ဆိုတာက ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်လို့ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမှာဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော်ကိုပဲ တင်ပြခိုင်းတာဖြစ်ပါတယ်။ ဒါလေးကို ရှင်းလင်းစေချင်ပါတယ်” ဟု ဦးဝင်းမြင့်က ပြန်လည်ရှင်းလင်းသည်။

ဆက်လက်ပြီး ဦးဝင်းမြင့်က “နောက်တစ်ခုက (ဂ) မှာလည်းဒီလိုပါပဲ နဂိုဟာကို အရင်ဖတ်ပြပါမယ်။ နဂိုတုန်းက အထူးကိစ္စရပ်များ (နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွား နှင့် သက်ဆိုင်သည့်ကိစ္စရပ်များ) ပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအပေါ် အကြောင်း အခြင်းအရာနှင့်နှိုင်းယှဉ်၍ လေ့လာဆန်းစစ် သုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အစီရင်ခံစာတင် ပြရမည်။ နဂို နိုဝင်ဘာ ၂၀၁၆ ခုနှစ်က အဲဒီလို ပေးထားတာပါ။ အခုကျွန်တော်တို့ ပြင်လိုက်တာက အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ယေဘုယျအားလုံးကို ခြုံငုံပြီးတော့ ပြောလို့ရ နိုင်တဲ့ အကျုံးဝင်နိုင်မယ့် နိုင်ငံတော်နှင့်နိုင်ငံသားများရဲ့ အကျိုးစီးပွားနှင့်သက်ဆိုင်သည့် ကိစ္စရပ်များဆိုတာ မပါတော့ပါဘူး။ အဲဒီလို ပေါ်ပေါက်လာရင်လည်း အဲဒီကိစ္စရပ်အပေါ်မှာ အကြောင်းအခြင်းအရာနှင့် ဥပဒေအမြင် နှိုင်းယှဉ်၍ဆိုတော့ ကျွန်တော်တို့က ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်ပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်တော့ ဒီကော်မရှင်က အကြောင်းအခြင်းအရာကိစ္စကို နှိုင်းယှဉ်လို့မရပါဘူး။ ဥပဒေ အမြင်ပဲ နှိုင်းယှဉ်ပေးရမယ်။ ဒါကြောင့် အကြောင်းအခြင်းအရာဆိုတာကို  ဖြုတ်လိုက်ပါတယ်။ ပြီးရင်လည်း အဲဒါကို လေ့လာဆန်းစစ် သုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ဆိုတာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့တဲ့အဖွဲ့က ပြည်ထောင်စုလွှတ်တော်ပဲ တာဝန်ခံရမှာဖြစ်တယ်။  ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ပဲဖြစ်တယ်။ အဲဒီတော့ ပြည်ထောင်စုလွှတ်တော်ပဲ တင်ပြရမယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ဆိုတာ အားလုံးကျယ်ပြန့်ပါတယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြန်လည်ရှင်းလင်း တင်ပြမှုများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းအနေဖြင့် သဘောတူပါလားဟု ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက မေးမြန်းရာ ဦးစိုးသိန်းက သဘောတူကြောင်း ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်က  ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့သည်။

ကော်မရှင်သည် နာယကက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ချိန်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရန်၊ နာယက,က ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရန်၊ နာယကက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ အကြံပြုချက်များ ပေးရမည်ဟု ထည့်သွင်းပြင်ဆင်ထားသည်။

Most Read

Most Recent