ချင်းပြည်နယ် နတ်မတောင်နှင့် ဘုံတလာရေတံခွန်သို့ ကလေး၊ မုံရွာ၊ ရွှေဘိုနှင့် ရန်ကုန်မြို့မှ စက်ဘီးသမားများ သွားရောက်

ချင်းပြည်နယ် နတ်မတောင်နှင့် ဘုံတလာရေတံခွန်သို့ ကလေး၊ မုံရွာ၊ ရွှေဘိုနှင့် ရန်ကုန်မြို့မှ စက်ဘီးသမားများ သွားရောက်
Published 22 November 2017

ချင်းပြည်နယ် နတ်မတောင်နှင့် ဘုံတလာရေတံခွန်သို့ စက်ဘီးသမားများ တက်ရောက်စဉ်

ချင်းပြည်နယ် နတ်မတောင်နှင့် မတူပီမြို့နယ် ဘုံတလာရေတံခွန်သို့ ကလေးမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့၊ ရန်ကုန်မြို့တို့မှ စက်ဘီးသမားများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်တို့သွားမယ့် အစီအစဉ်က ဆောမြို့ကနေ စက်ဘီးနဲ့ စတက်လာကြတယ်။ ကန်ပက်လက်ကနေ နတ်မတောင်အထိ တက်မယ်။ နတ်မတောင်ကနေ မင်းတပ်ဘက်ကိုဆင်းပြီး မတူပီမြို့နယ် ဘုံတလာ ရေတံခွန်ကို သွားမယ်။ အဲဒီကတစ်ဆင့် ကလေးမြို့ပြန်မှာပါ။ စက်ဘီးစီးတဲ့သူက ၁၁ ယောက်ပါ။ ကားနှစ်စီး ပါတယ်ဆိုတော့ အယောက် ၂၀ လောက်ပါတယ်။ ရန်ကုန်ကရော၊ မုံရွာ၊ ရွှေဘိုကရော ပါတယ်။ ကျွန်တော်တို့က နတ်မတောင်ထိပ်အထိ ရောက်အောင်တက်ပြီး တောင်ထိပ်မှာ တဲတွေဆောက်ပြီး ညအိပ်မှာပါ။ ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်အောင်၊ ကျန်းမာရေး အသိရအောင်၊ ဒေသန္တရ ဗဟုသုတတွေလည်း ရအောင်ပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတွေအဖွဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးစဉ်ပေါ့။ နတ်မတောင်ပေါ် တက်တဲ့အခါမှာ ရေအခက်အခဲရှိပါတယ်” ဟု ကလေးမြို့မှ စက်ဘီးသမား ကိုငြိမ်းက ဆိုသည်။

အဆိုပါ စက်ဘီးစီးအဖွဲ့သည် နိုဝင်ဘာ  ၁၈ ရက်တွင် ကလေးမြို့မှ ကားများဖြင့် စတင်ထွက်ခွာပြီး ဆောမှစတင်၍ စက်ဘီးစတင်စီးကြကာ ညဘက်တွင် ကန်ပက်လက်တွင် ညအိပ်၍ နိုဝင်ဘာ ၁၉ ရက်တွင် နတ်မတောင်ပေါ်တွင် တဲများထိုး၍ ညအိပ်ကြသည်။

နိုဝင်ဘာ ၂၀ ရက်တွင် နတ်မတောင်ပေါ်မှ ဆင်းလာပြီး မင်းတပ်မြို့သို့ ဆက်လက်ထွက်ခွာကာ မင်တပ်မြို့အနီးတွင် ညအိပ်ခဲ့ကြကာ နိုဝင်ဘာ ၂၁ ရက်တွင် မတူပီမြို့နယ် ဘုံတလာရေတံခွန်သို့ စက်ဘီးစီး၍ ဆက်လက်ထွက်ခွာခဲ့ကြသည်ဟု သိရသည်။

နိုဝင်ဘာလအတွင်းကလည်း ကလေးမြို့မှ စက်ဘီးသမားနှစ်ဦးသည် ကလေးမြို့မှ ရိမြို့နယ်၊ ရိရေကန်အထိ အသွားအပြန် စက်ဘီးနင်း၍ ခရီးသွားခဲ့ကြသည်ဟု သိရသည်။

“နတ်မတောင်ခရီးစဉ်ကို ကျွန်တော်က မုံရွာကနေ တစ်ယောက်တည်းစီးလာတယ်။ ပုဂံရောက်တယ်။ ပုဂံမှာ ညအိပ်ပါတယ်။ စက်ဘီးကို နံနက် ၆ နာရီကနေ ညနေ ၆ နာရီ အထိနင်းတယ်။ ဒီကြားထဲမှာ စက်ဘီးပျက်တယ်။ ဘီးပေါက်တယ်။ တခြားအခက်အခဲက ရာသီဥတုပေါ့။ ကိုယ့်ကိုယ်ကိုယ် အားတင်းအားပေးပြီး နတ်မတောင်ကို တက်ခဲ့ပါတယ်။ ကျွန်တော် ဒီခရီးစဉ်ကို နင်းတာက ကျွန်တော်တို့ မုံရွာမှာ Free Biking Monywa အဖွဲ့က ကျွန်တော်က အဖွဲ့သား၊ ကျွန်တော်တို့ အဖွဲ့တစ်နှစ်ပြည့်ကို ဂုဏ်ပြုချင်လို့ အခြားလူတွေ တားတဲ့ကြားက အရဲစွန့်ထွက်လာပါတယ်။ နောက်တစ်ခုက စက်ဘီးနဲ့ ခရီးသွားရတဲ့ အတွေ့အကြုံရသတွေကို တခြားသူတွေကို ပြန်ဝေမျှမယ်။ အခုတော့ ဗဟုသုတတွေလည်း အများကြီးရတယ်။ အခက်အခဲတွေလည်း အများကြီးပါပဲ။ စက်ဘီးစီးခြင်းအားဖြင့် အဓိက ကျန်းမာရေးကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်ပါတယ်။ ကျွန်တော်တို့ ရောက်သလောက် အခုဆို လူတစ်ဖက်စာလောက်ရှိတဲ့ ထင်းရှုးပင်အောက်မှာ ထိုင်နေတယ်။ ကလေးမြို့က အဖွဲ့တွေနဲ့လည်းဆုံတယ်။ ပျော်ပျော်ပါးပါးပေါ့။ နတ်မတောင်ကို သွားတာကတော့ ကားနဲ့ ဆိုင်ကယ်နဲ့ သွားလို့ရပါတယ်။ စက်ဘီးနဲ့ သွားတာကတော့ အင်မတန်ခက်ခဲပါတယ်။ အတက်အဆင်း အရမ်းကြမ်းတယ်။ အခုဆို ပေ ၇၅၀၀ မြင့်ပြီ ပေတစ်သောင်းကျော်အထိ တက်ရမှာ။ စက်ဘီးနဲ့ ခရီးသွားခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာ ရောက်သလို၊ မိမိကိုယ်ကိုယ် ကိုယ်ယုံကြည်မှုလည်း ရပါတယ်” ဟု မုံရွာမြို့မှ ကိုကွန်းကျော်ကဆိုသည်။

ကလေးမြို့စက်ဘီးစီးအဖွဲ့သည် အဖွဲ့စတင်သည်မှာ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အဆိုပါ ခရီးစဉ်ကို စီစဉ်ခဲ့ကြခြင်းဖြစ်ပြီး ခရီးစဉ်အမှတ် (၂၁) ဖြစ်ကာ ယခုခရီးသည် ခရီးမိုင်အရှည်ဆုံးခရီးလည်း ဖြစ်သည်ဟု သိရသည်။

Most Read

Most Recent