သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတံတားပေါ်တွင် ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွားပြီး တစ်ဦးသေဆုံး

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတံတားပေါ်တွင် ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွားပြီး တစ်ဦးသေဆုံး
Published 22 November 2017

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏတံတားပေါ်တွင် ယာဉ်လေးစီး ဆင့်တိုက်မှု နိုဝင်ဘာ ၂၀ ရက် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းအတိုင်း သုဝဏ္ဏအားကစားကွင်းဘက်မှ သံသုမာလမ်းဘက်သို့ အသက် ၄၅ နှစ် ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ပရိုဘောက်အမျိုးအစား အငှားယာဉ်သည် သုဝဏ္ဏတံတားပေါ်အရောက်တွင် လမ်းပြောင်းပြန်မောင်းနှင်စဉ် မျက်နှာချင်းဆိုင်ယာဉ်ကြောမှ အင်းစိန်မြို့နယ်နေ ဦး..... (၄၈)နှစ်မောင်းနှင်လာသည့် ကလူကာအမျိုးအစား ကိုယ်ပိုင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်မိခဲ့သည့် အရှိန်ဖြင့် ကလူ ကာယာဉ်မှာ ၎င်း၏ ယာဘက်ဘေးတွင် လမ်းကြောင်းတူ မောင်းနှင်နေသည့် ပရိုဘောက် အငှားယာဉ်နှင့် မတ်တူးအမျိုးအစား ကိုယ်ပိုင်ယာဉ်တို့အား ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ပရိုဘောက်အငှား ယာဉ်မောင်း အသက် ၄၅ နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသားမှာ ဒဏ်ရာများရရှိကာ စံပြဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပြီး ကလူကာယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၁၈  နှစ်ခန့်ရှိ  အမျိုးသားတစ်ဦးမှာလည်း နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက ယာဉ် (ပ) ၃၃/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent