ဆေးဝါးစက်ရုံ (အင်းစိန်) တွင် အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါဘီပိုး ကုသဆေးနှင့် ကင်ဆာလူနာများအတွက် နာကျင်မှုသက်သာစေသည့် ဆေးဝါးအမည်သစ်များ စတင်ထုတ်လုပ်

ဆေးဝါးစက်ရုံ (အင်းစိန်) တွင် အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါဘီပိုး ကုသဆေးနှင့် ကင်ဆာလူနာများအတွက် နာကျင်မှုသက်သာစေသည့် ဆေးဝါးအမည်သစ်များ စတင်ထုတ်လုပ်
Published 22 November 2017

အင်းစိန်ဆေးဝါးစက်ရုံမှ အသစ်ထုတ်လုပ်ထားသော ဆေးအမည်သစ်များအား တွေ့ရစဉ်

မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) မှ အိပ်ချ်အိုင်ဗွီနှင့် အသည်းရောင်အသားဝါ ဘီပိုးကုသဆေးဝါးများနှင့် ကင်ဆာလူနာများအတွက် နာကျင်မှုသက်သာစေသည့် ဆေးဝါးအမည်သစ်များကို နိုဝင်ဘာမှစ၍ ထုတ်လုပ်ဖြန့်ချိမည်ဖြစ်ကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်) မှ သိရသည်။

ယခုထုတ်လုပ်ဖြန့်ချိမည့် ဆေးအမည်သစ်များမှာ Drugs အုပ်စုဝင် အကိုက်အခဲပျောက်ဆေး Mefenamic Acid Caplet 500 mg ၊ အိပ်ချ်အိုင်ဗွီနှင့် အသည်းရောင်အသားဝါ ဘီပိုးကုသဆေး Tenofovir Caplet 300 mg နှင့် ကင်ဆာရောဂါဝေဒနာရှင်များအတွက် နာကျင်မှုသက်သာစေသော ဆေး Tramadol Capsule 50 mg Opioid Analgesic (မူးယစ်အနွယ်ဝင် အကိုက်အခဲပျောက်ဆေး) များကို ထုတ်လုပ်မည်ဖြစ်ကြောင်းနှင့် မူးယစ်အနွယ်ဝင်ဆေးများ ထုတ်လုပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမှာစာကိုသာ အဓိကထား ထုတ်လုပ်လျက်ရှိပြီး ပိုလျှံပါက ပြင်ပသို့ရောင်းချရာတွင် အထူးထိန်းချုပ်ဆေးဝါးလိုင်စင်ရှိသော  ပုဂ္ဂလိကဆေးရုံကြီးများ၏ လိုင်စင်အား စိစစ်ပြီးမှသာ ရောင်းချလျက်ရှိကြောင်း သိရသည်။

Tenofovir Tablet ဆေးမှာ ဗိုင်းရပ်စ်သတ်ဆေးဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်ပိုးကောင်ရေများကို ကျဆင်းစေနိုင်ကြောင်း၊ စမ်းသပ်ထုတ်လုပ်မှုကြာချိန် သုံးလမှ ခြောက်လအတွင်း ကြာမြင့်ခဲ့ပြီး ဆေးဝါးမှတ်ပုံတင်လိုင်စင်ကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပေးပြီးဖြစ်ကြောင်းနှင့် ယင်းဆေးထုတ်လုပ်နိုင်ရန် အိန္ဒိယနိုင်ငံမှ ဖော်မြူလာကို ဝယ်ယူခဲ့ပြီး အိန္ဒိယပညာရှင်များနှင့် ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) အတွင်းခေတ်နှင့် မလျော်ညီသော ဆေးဝါးထုတ်လုပ်မှု၊ အဆောက်အအုံနှင့် စက်ပစ္စည်းကိရိယာများကို ရေရှည်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တစ်ဆင့်ချင်း အကျိုးတူပူးပေါင်းလုပ်ဆောင်နိုင်ရန် မျှော်မှန်းထားပြီး  ပြည်သူများ BPI ဆေးဝါးများ အလွယ်တကူဝယ်နိုင်ရန် BPI ဆေးဝါးအရောင်းဆိုင်များကိုလည်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးဝါးစက်ရုံ (အင်းစိန်) သည်  ၁၉၅၈ ခုနှစ်မှစ၍ ထိုးဆေး၊ သောက်ဆေးအမျိုးမျိုးနှင့် ပဋိဇီဝပိုးသတ်ဆေးများကို ထုတ်လုပ်လျက်ရှိပြီး လက်ရှိ၌ ဆေးပြား၊ ဆေးတောင့်အမျိုးပေါင်း ၇၀၊ ဆေးရည် ၂၂ မျိုး၊ လိမ်းဆေး၁၀ မျိုး၊ ဆေးမှုန့်သုံးမျိုး၊ ထိုးဆေးအမျိုး ၅၀၊ သွေးကြောသွင်းဆေးအမျိုး ၅၀၊ ပဋိဇီဝဆေး ၁၁ မျိုး၊ စုစုပေါင်း ၁၈၁ မျိုးကို ထုတ်လုပ်လျက်ရှိကြောင်းနှင့် ဖေဖော်ဝါရီလအတွင်းက ဖွင့်လှစ်ခဲ့သည့် ထိုးဆေးထုတ်လုပ်မှု အဆောက်အအုံနှင့် ပဋိဇီဝဆေးဝါးထုတ်လုပ်မှု အဆောက်အအုံသစ်များအား ဖွင့်လှစ်ခြင်းကြောင့် နိုင်ငံတကာ ဆေးဝါးစက်ရုံများအတိုင်း GMP Guideline နှင့် အညီခေတ်မီဆေးဝါးအမည်သစ်များ နှစ်ဆထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆေးဝါးစက်ရုံမှ ထုတ်လုပ်သည့် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ကို အဓိကဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ပိုလျှံသည့် ဆေးဝါးများကို ၂၀၁၆ ခုနှစ်တွင် အရောင်းကိုယ်စားလှယ်များကို တင်ဒါခေါ်ယူခဲ့ပြီး ယင်းတို့အနက်မှ ငါးဦးကို ရွေးချယ်ခဲ့ကြောင်းနှင့် ယင်းတရားဝင် ကိုယ်စားလှယ်များမှာ UOK Trading Co. Ltd ၊ PHAMEDIC Co.Ltd ၊ EMP ၊MEDI - TECH BIZ Co.ltd ၊ Bio Trust တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent