မောင်တောမြို့နယ် သောင်ပညာ ကျေးရွာ ချောင်းစပ်၌ ပုပ်ပွနေသည် အလောင်း သုံးလောင်း တွေ့ရှိ

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၇ နာရီတွင် မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာအုပ်စု ၊ သောင်ပညာကျေးရွာ ချောင်းစပ်၌ လူ ၁ ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပြီး နံနက် ၉ နာရီခွဲတွင် ဝေသာလီဂေါက်ကွင်း အနောက်ဘက် သောင်ပညာချောင်းစပ်၌ ပုပ်ပွနေသည့် အလောင်း ၁ လောင်း၊ နံနက် ၉ နာရီ မိနစ် ၅၀ တွင် ပုပ်ပွနေသည့် အလောင်း ၂ လောင်း စုစုပေါင်း အလောင်း ၃ လောင်းအား လက်ပြန်ကြိုး တုပ်လျက် လည်ပင်းပြတ်ရှ ဒဏ်ရာ ၁ ချက်စီဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် မောင်တော ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

စုံစမ်းချက်များအရ သေဆုံးသူများမှာ မြို့မ ကညင်တန်းရပ်ကွက်နေ မူဟာမတ်အီဒရစ်(၂၅)နှစ်၊ အဘူဟိုက် (၁၈) နှစ် နှင့် ဟာမိတ်တူဆောင်း (၂၂) နှစ် တို့ ဖြစ်ကြောင်း သိရပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် ပြင်ဖြူနယ်မြေရဲစခန်းမှ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၈ ရက် ၊ နံနက် ၈ နာရီခွဲ မှ ညနေ ၃ နာရီထိ မောင်တောမြို့နယ်၊ ပြင်ဖြူ ကျေးရွာ၊ ဇင်ပိုင်ညာ ကျေးရွာအုပ်စု(ခ) ရီတူလာကျေးရွာ၊ သက္ကပြင် ကျေးရွာ ၊ လှဖိုးခေါင်ကျေးရွာများအား တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် သက္ကပြင်အနောက် ကျေးရွာ နှင့် လှဖိုးခေါင်ကျေးရွာအကြား၌ အကြမ်းဖက် သမားအဖြစ် မသင်္ကာသူ ရွာသစ်ရွာနေ ရောဖီး (၃၀) နှစ် အား ဖမ်းဆီးရမိခဲ့ပြီး ပြင်ဖြူ နယ်မြေ စခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။