ရန်ကုန်တိုင်းဒေသကြီးအတွင်း မြစ်ချောင်းများတွင် သွားလာလျက်ရှိသော ရေယာဉ်များအားလုံးကို အမြန်ဆုံး ကြီးကြပ်စစ်ဆေးမည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြစ်ချောင်းများတွင် သွားလာလျက်ရှိသော ရေယာဉ်များအားလုံးကို အမြန်ဆုံး ကြီးကြပ်စစ်ဆေးမည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဆို
Published 21 November 2017

လှိုင်မြစ်အတွင်း သွားလာနေသည့် ရေယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြစ်ချောင်းများတွင် သွားလာလျက်ရှိသော ခရီးသည်တင် ရေယာဉ်အမျိုးအစား အားလုံးနှင့် ကုန်ပစ္စည်းတင် ရေယာဉ်များအားလုံးကို အမြန်ဆုံး ကြီးကြပ်စစ်ဆေးသွားမည်ဟု တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောကြားသည်။

“၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြစ်၊ ချောင်းများအတွင်း၌ သွားလာနေသော ရေယာဉ်များ အားလုံးကို ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းစွာ လုံခြုံစိတ်ချစွာ စီးနင်းသွားလာနိုင်ရေး၊ ကုန်စည်များကို ရေကြောင်းနှင့် ပို့ဆောင်ရေးမှာ အဆင်ပြေချောမွေ့စေရေးအတွက် ရေကြောင်းနဲ့ပတ်သက်ပြီး ဌာနလေးခု ရှိပါတယ်။ ရေလမ်း ထိန်းသိမ်းရေးနှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် ဆိပ်ကမ်းအာဏာပိုင် လေးဖွဲ့တို့နှင့်တကွ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးကြပ်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြစ်ချောင်းများအတွင်း သွားလာလျက်ရှိသော ခရီးသည်တင်ရေယာဉ် အမျိုးအစားအားလုံးနှင့် ကုန်ပစ္စည်းတင် ရေယာဉ်များအားလုံးကို ကြီးကြပ်စစ်ဆေး ဆောင်ရွက်ဖို့ ဝန်ကြီးချုပ်မှ ညွှန်ကြားထားပြီး ဖြစ်တဲ့အတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးမည် ဖြစ်ပါတယ်”ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။

နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၇ ရက် မြောက်နေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရွှေရန်ကုန် ပုဂ္ဂလိက စက်တပ်ရေယာဉ်လိုင်းတွင် နေ့စဉ်သွားလာနေသည့် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ ယင်းရေယာဉ်လိုင်းတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေနှင့်အညီ ဖွဲ့စည်းထားခြင်း ရှိ မရှိ၊ ဖွဲ့စည်းထားခြင်း မရှိပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

ရွှေရန်ကုန် ရေယာဉ်လိုင်းကို ၁၉၉၅ ခုနှစ်မှ ရန်ကုန်တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းမှူးဗိုလ်ချုပ် ခင်မောင်သန်း လက်ထက်တွင် ခွင့်ပြုခဲ့သော ရေယာဉ်လိုင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြင်းကောင်ရေ ၂၀ အောက် ရေယာဉ် ၁၇၀ ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ခွင့် ပြုထားပြီးဖြစ်ပါကြောင်း၊ ရွှေရန်ကုန် ရေယာဉ်လိုင်းမှ ၂၀၁၂ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ရေယာဉ်ပိုင်ရှင်များ၏ ဆန္ဒသဘောထားဖြင့် ရွေးချယ်ထားသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေပါ ပုဂ္ဂလိက ရေယာဉ်များ ကြီးကြပ်ရေးကော်မတီ (ယာယီ) ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၅ ခုနှစ် ဧပြီ ၃ ရက်ပါ စာအမှတ် ၄/၁၇၃ (၉) လမ်းပန်းဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ ကြီးကြပ်ရေးကော်မတီ ကို ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေအတိုင်း ရွေးချယ်ဖွဲ့စည်းပြီးပါက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ကော်မတီများကို ဆက်လက် ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားသည်။

နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် မြင်းကောင်ရေ ၂၀အောက် စက်တပ်ရေယာဉ်များ အနေဖြင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး၍ မြို့နယ်ရေယာဉ်လိုင်စင် ထုတ်ပေးလျက် ရှိပါကြောင်း၊ ရေကြောင်းပို့ဆောင်ညွှန်ကြားမှု ဦးစီးဌာနမှ ရေယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ခရီးသွားပြည်သူများ လိုက်နာရမည့် စည်းကမ်းချက် ဆိုင်းဘုတ်များအား စိုက်ထူပေးထားခြင်း၊ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်လျက် ရှိပါကြောင်း၊ ရေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရေယာဉ်အသင်းနှင့် ရေယာဉ်ဂိတ်များမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးအတွက် မြို့နယ်ရေယာဉ်စစ်အဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြောင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် နေ့စွဲပါ စာအမှတ် ၄/၅၁ ဖြင့် မြို့နယ် ရေယာဉ်စစ်ဆေးရေးအဖွဲ့ ရပ်ကွက်ရေယာဉ် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေး၍ ရေယာဉ်များ စစ်ဆေးလျက်ရှိပါကြောင်း၊ ရွှေရန်ကုန်ရေယာဉ်လိုင်းတွင် မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ် အစင်းရေ ၁၇၀ ရှိသည့်အတွက် လုံလောက်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားသည်။

Most Read

Most Recent