အဋ္ဌမတန်း ကျောင်းသားအား မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် ထောင်နှစ်နှစ် ချမှတ်မှု အရပ်ဘက်အဖွဲ့အစည်း ၈၈ ခုက သဘောထားထုတ်ပြန်

အဋ္ဌမတန်း ကျောင်းသားအား မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် ထောင်နှစ်နှစ် ချမှတ်မှု အရပ်ဘက်အဖွဲ့အစည်း ၈၈ ခုက သဘောထားထုတ်ပြန်
Published 21 November 2017

အဋ္ဌမတန်း ကျောင်းသားအား မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် ထောင်နှစ်နှစ် ချမှတ်မှု အရပ်ဘက်အဖွဲ့အစည်း ၈၈ ခုက သဘောထား ထုတ်ပြန်ခဲ့သည်။

ထောက်ဒဏ် ချမှတ်ခံရသူမှာ မိုင်းချိုမင်းထွေး ဆိုသည့် ၁၄ နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသားဖြစ်ပြီး ကျောင်းတက်ရောက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

အဖွဲ့အစည်း ၈၈ ခုက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လက်ရှိတွင် အငြင်းပွားဖွယ်ရာ ပုဒ်မဖြစ်သော ၁၇ (၁) ကို ဖျက်သိမ်းပေးရန် တောင်းဆိုနေသည့် ကာလဖြစ်ပြီး ယင်းကဲ့သို့ အမိန့်ချမှတ်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လက်နက်ကိုင် ပဋိပက္ခအတွင်းရှိ ကလေးငယ်များကို အထူးကာကွယ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၁၈၁၂) တွင် ဖော်ပြထားပြီး ယခုကဲ့သို့ ဖမ်းဆီးအပြစ်ပေးခြင်းသည် လက်နက်ကိုင် ပဋိပက္ခအတွင်းရှိ ကလေးသူငယ်များအတွက် လုံခြုံမှုကို မကာကွယ်ပေးနိုင်ရုံသာမက ထပ်မံချိုးဖောက်ရာ ရောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့အနေဖြင့် မတရားဖမ်းဆီးခြင်းခံရသည့် မိုင်းချိုမင်းထွေးအား အကြွင်းမဲ့ အမြန်ဆုံးလွှတ်ပေးရန်နှင့် မတရားမှု ကျူးလွန်ရာတွင် တာဝန်ရှိသူများအား ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုကြောင်း၊ မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအား အလေးထားသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် အမြန်ဆုံးတွေ့ဆုံပြီး ၎င်းပြန်လည် လွတ်မြောက်ရေး၊ လူနည်းစုတိုင်းရင်းသား အခွင့်အရေး၊ ကျောင်းသားထု အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်း ၈၈ ခု၏ သဘောထားကြေညာချက်တွင် ဖော်ပြထားသည်။

သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်း ၈၈ ခုအနက်အချို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ကရက်၊ Equality Myanmar၊ ၊ Generation Wave ၊ National Network For Education Reform ၊ ဖျာပုံကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ စာဖြူလယ်သမားကွန်ရက်၊ ရှမ်းပြည်မြောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့၊ အနောက်ဘက်ကမ်းခြေ ဧရာဝတီအဖွဲ့၊ ဓနုလူငယ်အဖွဲ့၊ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု၊ ရောင်နီဦးလူမှုဖွံ့ဖြိုးရေးအဖွဲ့ စသည်တို့ဖြစ်သည်။

Most Read

Most Recent