အစိုးရငွေတိုက်စာချုပ်နှင့် အစိုးရငွေတိုက်လက်မှတ် ကျပ်သန်းပေါင်း ၉၁၀၀၀၀ အထိ စံချိန်တင်လေလံတင်ရောင်းချမှု ကျပ်သန်းပေါင်း ၆၈၅၄၉၀ လေလံအောင်

အစိုးရငွေတိုက်စာချုပ်နှင့် အစိုးရငွေတိုက်လက်မှတ် ကျပ်သန်းပေါင်း ၉၁၀၀၀၀ အထိ စံချိန်တင်လေလံတင်ရောင်းချမှု ကျပ်သန်းပေါင်း ၆၈၅၄၉၀ လေလံအောင်
Published 21 November 2017

ဘတ်ဂျက်လိုငွေမြင့်တက်မှုနှင့် အစိုးရက ဗဟိုဘဏ်မှ သတ်မှတ်ပမာဏထက် ငွေချေးယူမှုများရှိနေချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အစိုးရငွေတိုက်စာချုပ် ကျပ်သန်းပေါင်း ၄၁၀၀၀၀ နှင့် အစိုးရငွေတိုက်လက်မှတ် ကျပ်သန်းပေါင်း ၅၀၀၀၀၀၊ စုစုပေါင်း ကျပ်သန်းပေါင်း ၉၁၀၀၀၀ ကို နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တွင် စံချိန်တင် လေလံတင်ရောင်းချခဲ့ရာတွင် ကျပ်သန်းပေါင်း ၆၈၅၄၉၀ လေလံအောင်မြင်ခဲ့သည်ဟု သိရသည်။

အစိုးရငွေတိုက်စာချုပ်နှင့် အစိုးရငွေတိုက် လက်မှတ်များကို လေလံတင်ရောင်းချရန် တစ်ပြိုင်နက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျပ်သန်းပေါင်း ၄၁၀၀၀၀ အထိရောင်းချမည့် အစိုးရငွေတိုက်စာချုပ်ကို GB 0015 ဖြင့် ကြေညာခဲ့ခြင်းဖြစ်ကာ နှစ်နှစ်နှင့် ငါးလကျော်သက်တမ်းရှိမည့် သက်တမ်း (၁) အတွက် ကျပ်သန်းပေါင်း ၁၀၀၀၀၀ လေလံအောင်ခဲ့ပြီး လေးနှစ်နှင့် ၁၁ လကျော်သက်တမ်းရှိမည့် အစိုးရငွေတိုက်စာချုပ်သက်တမ်း (၂) အတွက် ကျပ်သန်းပေါင်း ၁၆၆၄၉၀ လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။

ကျပ်သန်းပေါင်း (ငါးသိန်း) ၅၀၀၀၀၀ အထိလေလံတင်ခဲ့သည့် အစိုးရငွေတိုက်လက်မှတ်များတွင် ငွေတိုက်လက်မှတ်များ၏ သက်တမ်းများကို ၉၁ ရက်၊ ၁၈၂ ရက်နှင့် ၃၆၄ ရက်များအဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ ကျပ်သန်းပေါင်း ငါးသိန်းကို လေလံတင်ရောင်းချရာတွင် သက်တမ်း ၉၁ ရက်အတွက် ကျပ်သန်းပေါင်း ၃၀၁၀၀၀ လေလံအောင်ခဲ့ပြီး ၁၈၂ ရက်သက်တမ်းအတွက် ကျပ်သန်းပေါင်း ၁၁၂၀၀၀ နှင့် ၃၆၄ ရက်သက်တမ်းအတွက် ကျပ်သန်းပေါင်း ၆၀၀၀ လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။

လက်ရှိအစိုးရလက်ထက်တွင် ဘတ်ဂျက်လိုငွေများ စံချိန်တင်မြင့်မားနေပြီး ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းလိုငွေကို ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ် ၁၂၃၆ ဘီလျံချေးယူရန် လျာထားခဲ့သော်လည်း ကျပ် ၅၅၃ ဒသမ ၅၃၄ ဘီလျံ ကျော်လွန်ချေးယူခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် နိုဝင်ဘာ ၁၀ ရက်ကကျင်းပသည့် အစည်းအဝေး၌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။

ယခင်အစိုးရလက်ထက် ငါးနှစ်သက်တမ်းအတွင်း လိုငွေ ကျပ်ဘီလျံ ၈၀၂၈ သာရှိခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် ကနဦးစာရင်းများအရ လိုငွေမှာ ကျပ် ၁၁၁၁၂ ဘီလျံအထိဖြစ်ပေါ်နေပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေကျပ် ၆၄၇၀ ဘီလျံအထိ ဖြစ်ပေါ်နေသည့်အတွက် လိုငွေ၏ရာခိုင်နှုန်း ၃၀ အတွင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူရမည့်အခြေအနေ ဖြစ်ပေါ်နေသည်။

Most Read

Most Recent