၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် JMC ၏ ဘတ်ဂျက်ကိစ္စရပ်များအပါအဝင် လုပ်ထုံးလုပ်နည်းများ ဆွေးနွေးအတည်ပြုမည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေး ရန်ကုန်မြို့၌ပြုလုပ်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် JMC ၏ ဘတ်ဂျက်ကိစ္စရပ်များအပါအဝင် လုပ်ထုံးလုပ်နည်းများ ဆွေးနွေးအတည်ပြုမည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေး ရန်ကုန်မြို့၌ပြုလုပ်
Published 21 November 2017

နိုဝင်ဘာ ၂၀ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သည့် (၁၃) ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးကို တွေ့ရစဉ်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ကိစ္စရပ်များအပါအဝင် လုပ်ထုံးလုပ်နည်းများ ဆွေးနွေးအတည်ပြုမည့် (၁၃) ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် နိုဝင်ဘာ ၂၀ ရက်က စတင်ပြုလုပ်လျက်ရှိသည်။

အဆိုပါအစည်းအဝေးတွင် ပထဝီဝင်အချက်အလက် စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်း (မူကြမ်း)၊ စိစစ်အတည်ပြုရေး လုပ်လုံးလုပ်နည်းအဆင့်အဆင့်တွင် ထပ်မံဖြည့်သွင်းရန် အချက်များ (မူကြမ်း) တို့အား ဆွေးနွေးအတည်ပြုမည်ဖြစ်သည်။

“အဓိကအားဖြင့်တော့ ပဋိပက္ခတွေဖြစ်ပွားတယ်ဆိုတဲ့နေရာမှာ စေ့စပ်ညှိနှိုင်းရေးဖြစ်စဉ်တစ်ခုကို မလွဲမသွေ တည်ဆောက်ရမှာဖြစ်ပါတယ်။ အဲဒီစေ့စပ်ညှိနှိုင်းရေးဖြစ်စဉ်တစ်ခုဆိုတာ အဓိကအားဖြင့်တော့ NCA ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ NCA ကို စေ့စပ်ညှိနှိုင်းရေးဖြစ်စဉ်တစ်ခုအနေနဲ့ ခက်ခက်ခဲခဲတည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ဒီတည်ဆောက်ထားတဲ့ဖြစ်စဉ်ကို အရှိန်အဟုန်ထိန်းပြီးတော့မှ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးဖြစ်စဉ်ပေါ်မှာ မူတည်ပြီးတော့မှ အားကောင်းတဲ့ Structure တွေလည်း တည်ဆောက်ဖို့လိုပါတယ်။ ကျွန်တော်တို့ NCA မှာ Structure နှစ်ခုတည်ဆောက်ထားပါတယ်။ UPDJC နဲ့ JMC ဆိုပြီးတော့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ JMC ကိုတည်ဆောက်ခဲ့တာ အခုဆိုရင် သက်တမ်းအားဖြင့် ကျွန်တော်တို့ နှစ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်” ဟု JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

ထိုသို့ JMC နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယခုပြုလုပ်လျက်ရှိသည့် အစည်းအဝေးတွင် JMC-S (ပြည်နယ်အဆင့်) အဖွဲ့ဝင်များလည်း ပါဝင်တက်ရောက်လျက်ရှိသည်။

“ကျွန်တော်တို့ရဲ့ အဓိကတာဝန်ကတော့ ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေစဉ်အတွင်း မြေပြင်မှာတိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းရမှာဖြစ်လို့ ဘယ်လိုအခြေအနေပဲရောက်ရောက် အနိမ့်ဆုံးအဆင့်မှာပဲဖြစ်ဖြစ် နှစ်ဖက်လက်နက်ကိုင်တပ် တွေ့ထိတွေမှုမရှိအောင် ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်သည်းညဉ်းခံကြပါ။ စိတ်ရှည်ရှည်ထားကြပါလို့ တိုက်တွန်းချင်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ရှားရေးနဲ့ပတ်သက်ပြီး နှစ်ဖက်အောက်ခြေအဆင့်ဆင့်ထိပို့ချပြီး လက်တွေ့အကောင်အထည်ဖော်နိုင်အောင်လည်း ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ JMC အနေနဲ့ မြေပြင်မှာ တိုက်ပွဲတွေမဖြစ်အောင် ကြိုးစားညှိနှိုင်းပြီး NCA အကောင်အထည်ဖော်မှုမှာ အထောက်အကူဖြစ်ဖို့ စိတ်ရင်းစေတနာမှန်မှန်တွေနဲ့ သမိုင်းပေးတာဝန်တွေကို ထမ်းဆောင်ကြဖို့ လိုအပ်ပါတယ်” ဟု JMC-U ဥက္ကဋ္ဌ (၁) ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် ပဋိပက္ခဖြစ်ပွားခြင်းနှင့် အရပ်သားများကို ကာကွယ်ပေးရန်အတွက် စောင့်ကြည့်ရေးလုပ်ငန်းစဉ်ကို JMC တွင် အဓိကထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ JMC သည် စောင့်ကြည့်ရေးလုပ်ငန်းများ၊ စိစစ်အတည်ပြုရေး လုပ်ငန်းစဉ်များ၊ ပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် အဓိကအားဖြင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများကို စနစ်တကျနှင့် သဘောတူညီချက်များရအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အဓိက NCA ရဲ့ အန္တိမရည်မှန်းချက်ဟာ ထာဝရငြိမ်းချမ်းရေးဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်တွေ စွန့်လွှတ်ပြီးတော့မှ ဒီဘက်က ကျွန်တော်တို့ရွေးကောက်ပွဲလမ်းစဉ်ပေါ်ကို ရောက်ရှိလာဖို့အတွက် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပြီးတော့မှ အဖြေရှာဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အဓိကအန္တိမရည်မှန်းချက် ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကိုသွားဖို့အတွက် JMC ဟာ တွေ့ဆုံတိုက်ခိုက်မှုတွေမရှိအောင်၊ တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲတွေမဖြစ်အောင် ဒါတွေကို ကျွန်တော်တို့က သက်ဆိုင်ရာကော်မတီအလိုက် စေ့စပ်ညှိနှိုင်းတဲ့ပုံစံနဲ့ ညှိနှိုင်းဖြေရှင်းသွားတာဖြစ်ပါတယ်။ ဒါဟာလည်း ကျွန်တော်တို့က NCA ဆိုတဲ့ စေ့စပ်ညှိနှိုင်းရေး Process တစ်ခုကို ဆောင်ရွက်လိုက်တဲ့အတွက် ဒီပေါ်မှာ တစ်ခုခုဖြစ်တဲ့ဆိုရင် ဒီ Structure ပေါ်မှာပဲ အမြဲတမ်း စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ထိတွေ့တိုက်ခိုက်မှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

(၁၃) ကြိမ်မြောက် JMC-U အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်အတွက် ရန်ပုံငွေထောက်ပံ့သည့် အလှူရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ပြီး ယင်းအဖွဲ့တစ်ဖွဲ့ချင်းစီအတွက် အားနည်းချက်၊ အားသာချက်များတင်ပြခြင်း၊ TSC ဝန်ထမ်းများတွင် လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်း၊ JMC-TSC ဌာနအလိုက် လုပ်ငန်းတာဝန်များနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများတင်ပြခြင်း၊ ပြည်သူလူထု တွေ့ဆုံပွဲများအား JMC ရုံးစိုက်ရာမြို့များတွင် ပြုလုပ်ရန်တင်ပြခြင်း၊ မိုင်းရှင်းလင်းရေး (Demining) ကိစ္စရပ်တင်ပြခြင်း၊ JMC ၏ (၁၂) ကြိမ်မြောက်နှင့် (၁၃) ကြိမ်မြောက် အစည်းအဝေးကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများအား ဆွေးနွေးခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။

Most Read

Most Recent