(၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မြန်မာနိုင်ငံမှ ပထမဆုံးအဖြစ် နေပြည်တော်ရှိ MICC 1 တွင်လက်ခံကျင်းပ

(၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မြန်မာနိုင်ငံမှ ပထမဆုံးအဖြစ် နေပြည်တော်ရှိ MICC 1 တွင်လက်ခံကျင်းပ
Published 21 November 2017

(၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နေပြည်တော် MICC 1 တွင်ကျင်းပစဉ် (ဓာတ်ပုံ-နေရိုင်း)

(၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC 1 တွင် လက်ခံကျင်းပနေသည်။

နိုဝင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် (၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MICC 1 တွင်ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အေဆမ်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အေဆမ်အဖွဲ့၏ ညှိနှိုင်းရေးမှူးများဖြစ်ကြသည့် အာဆီယံအဖွဲ့အတွက် ညှိနှိုင်းရေးမှူးဖြစ်သူ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Under Secretary ဖြစ်သူ H.E.Mr.Jose Luis G.Montales၊ အရှေ့မြောက်နှင့်တောင်အာရှအဖွဲ့ (နီဆာ) အတွက် ညှိနှိုင်းရေးမှူးဖြစ်သူ ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Additional Secretary (Asia Pacific) ဖြစ်သူ H.E.Mr. Imtiaz Ahmand၊ ဥရောပဘက်မှ ညှိနှိုင်းရေးမှူးများဖြစ်ကြသည့် ဥရောပပြည်ပဆက်ဆံရေးဌာန (European External Action Service-EEAS) မှ High Representative of European Union/Vice President of European Commission ဖြစ်သူ Mrs. Federica Mo-gherini နှင့် အက်စ်တိုးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Sven Mikser တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

ယင်းနောက် ASEF Model ASEM မှ လူငယ်ကိုယ်စားလှယ်နှစ်ဦးတို့မှ ASEM နှင့်ပတ်သက်၍ ၎င်းတို့၏အမြင်များအား တင်ပြခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်ကပြုလုပ်သည့် (၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ၏ မျက်နှာစုံညီအစည်းအဝေးများအား နံနက်ပိုင်းတွင် “Synergizing Peace and Sustainable Development” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် “3rd Decade of ASEM: Making ASEM Partnership more Dynamic and Connected” ခေါင်းစဉ်များဖြင့်လည်းကောင်း ဆွေးနွေးခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံနှစ်နိုင်ငံ၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ အရှေ့မြောက်နှင့် တောင်အာရှအုပ်စုဝင် ၁၁ နိုင်ငံ စုစုပေါင်းအဖွဲ့ဝင် ၅၁ နိုင်ငံနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဥရောပကော်မရှင်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

အေဆမ်အဖွဲ့ဝင်နိုင်ငံများသည် ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို ဒေသအလိုက်အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရသည်။ (၁၂) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လူဇင်ဘတ်နိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည်။

Most Read

Most Recent