ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ လေးလကျော်အတွင်း နေရပ်မြန်မာနိုင်ငံသို့ မဲဆောက်-မြဝတီလမ်းမှတစ်ဆင့် နေရပ်သို့ပြန်လာသူ ၄၅၅၀၀ ကျော်ရှိကြောင်း သိရ

ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ လေးလကျော်အတွင်း နေရပ်မြန်မာနိုင်ငံသို့ မဲဆောက်-မြဝတီလမ်းမှတစ်ဆင့် နေရပ်သို့ပြန်လာသူ ၄၅၅၀၀ ကျော်ရှိကြောင်း သိရ
Published 21 November 2017

ပြည်ပမှပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများတွင်း သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအနက် အထောက်အထားမရှိသူများမှာ အလုပ်ရှင်အလုပ်သမား ဥပဒေသစ်ထုတ်ပြန်ပြီးနောက် မဲဆောက်- မြဝတီလမ်းမှတစ်ဆင့် နေရပ်မြန်မာနိုင်ငံသို့ ပြန်လာနေကြရာ နိုဝင်ဘာ ၁၉ ရက်အထိ ၄၅၅၇၀ ဦး ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုင်းနိုင်ငံအတွင်း အလုပ်ရှင် အလုပ်သမားဥပဒေသစ်ကြောင့် ဖမ်းဆီးရေးဆောင်ရွက်ပြီးနောက် နေရပ်ပြန်လာသူများပြားလာခဲ့ကာ ထိုင်းလုပ်ငန်းအချို့ ထိခိုက်လာခြင်းကြောင့် ပြန်လည်ပြင်ဆင်ကာ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ အထောက်အထားပြုလုပ်ရန် သွားလာခွင့်ကို ရက်ပေါင်း ၁၂၀ အပြင် ထပ်မံ၍ ရက်ပေါင်း ၉၀ တိုးမြှင့်ခဲ့ပြီး ယခုအချိန်ထိ ပြန်လာသူ ၄၅၅၀၀ ကျော်ရှိနေပြီဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် MoU လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သူ ၄၆၀၀၀ ကျော်ရှိသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်ပြီး အကြောင်းကြောင်းကြောင့် နေရပ်မြန်မာနိုင်ငံသို့ ပြန်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား အမျိုးသမီး ၈၁ ဦးသည် နိုဝင်ဘာ ၁၉ ရက် ည ရး၀၀ နာရီခန့်က မြဝတီကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ ထပ်မံရောက်ရှိခဲ့သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှတစ်ဆင့် မြဝတီမြို့ ပြန်လည်ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသော မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၈၁ ဦးတို့တွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ပြီး အထောက်အထားမရှိသူများ ပါဝင်သလို မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး အထောက်အထားမရှိသူများပါကြောင်း ပြန်လာသူအများစုမှာ မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ လုပ်ကိုင်နေသူများဖြစ်ပြီး အကြောက်တရား၊ စိုးရိမ်မှုများကြောင့် ပြန်လာခဲ့ကြသလို၊ အထောက်အထားရှိသူများမှာ အနေကြာလာခြင်းနှင့် မိသားစုဝင်များက ပြန်လာရန်ခေါ်ဆိုခြင်းကြောင့်ဖြစ်ကာ ရခိုင်၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလံပူမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် အထောက်အထားမယ့် ဝင်ရောက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သူက “အလုပ်ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ မိသားစုတွေက စိတ်ပူနေကြတယ်။ အထောက်အထားမရှိတော့ အဖမ်းအဆီးတွေများလာတယ်။ ဒါကြောင့် ပြန်လာခဲ့တာပါ။ အဖမ်းအဆီးတွေလည်းများတယ်။ နောက်ထပ်ပြန်လာမယ့်သူတွေလည်း ထပ်ရှိနေသေးတယ်။ အားလုံးကတော့ နေထိုင်လုပ်ကိုင်ရတာ စိုးရိမ်စိတ်တွေနဲ့ပါ” ဟုဆိုသည်။

မြဝတီကျောက်လုံးကြီးစခန်းသို့ ရောက်ရှိလာသည့် မလေးပြန် မြန်မာရွှေ့ပြောင်းလုပ်သားများအား အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူနှင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြည်ပနိုင်ငံသို့ တရားဝင်အလုပ်သွားလုပ်ရာတွင် လုပ်ဆောင်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

“ပြန်လာတဲ့အလုပ်သမားတွေကို မဲဆောက်ဘက်ထိ သွားရောက်ကြိုပြီး နေဖို့စားဖို့၊ ပြန်ဖို့ အစီအစဉ်ထိ ဆောင်ရွက်ထားပါတယ်။ အထောက်အထားမဲ့ မဖြစ်ရအောင် ထိုင်းနိုင်ငံသို့ပြန်သွားမယ်ဆိုလည်း တရားဝင်ဘယ်လိုသွားရမယ်၊ အေဂျင်စီတွေနဲ့ ဘယ်လိုချိတ်ဆက်ရမလဲ၊ အသိပညာပေးတွေ ပြောပေးပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ တရားဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇၈ ရုံးသို့ ရောက်လေ့လာစုံစမ်းနိုင်ပါတယ်” ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထိုက်က ပြောကြားသည်။

ထို့နောက် မြဝတီခရိုင်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကြိုဆိုလက်ခံပြီး လိုအပ်သည်များကူညီခဲ့သည်။

Most Read

Most Recent