ပျော်ဘွယ်၌ ကျောင်းသားတစ်ဦး ဆွဲကြိုးချသေဆုံးမှုအား သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်စစ်ဆေး

ပျော်ဘွယ်၌ ကျောင်းသားတစ်ဦး ဆွဲကြိုးချသေဆုံးမှုအား သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်စစ်ဆေး
Published 21 November 2017

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသားတစ်ဦး ဆွဲကြိုးချသေဆုံးမှုအား သက်ဆိုင်ရာရဲစခန်းဖြစ်သည့် နယ်မြေရဲစခန်း (ရွှေညောင်ဖူး) မှ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ပျော်ဘွယ်မြို့နယ် မိုးကောင်းကျေးရွာ အ.ထ.က (မိုးကောင်း) ကျောင်းဝင်းအတွင်း နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ကျောင်းသားတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း သတင်းအရ နယ်မြေရဲစခန်း (ရွှေညောင်ဖူး) မှ ရဲအုပ်ဝင်းမြင့်ဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ သေဆုံးသူသည် ကျောင်းဝင်းအတွင်း ဝန်ထမ်းအိမ်ရာနေ အသက် ၃၁ နှစ်အရွယ် ကျောင်းဆရာမတစ်ဦး၏ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ်ရှိ အဋ္ဌမတန်း ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး အဆိုပါတာဝန်ရှိရဲများ၏ ဆက်လက်စစ်ဆေးချက်အရ ထူးချွန်စာမေးပွဲဖြေဆိုရန် စာရရှိခြင်းမရှိသောကြောင့် Grade-4 စာသင်ဆောင်အတွင်း အမြင့် ၁၂ ပေခန့်ရှိထုပ်တန်းတွင် လက်သန်းလုံးခန့် နှစ်ပင်လိမ်အဝါရောင်ကြွပ်ကြွပ်အိတ်ကြိုးဖြင့် ဆွဲကြိုးချပြီး လည်ပင်းညိုမည်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နယ်မြေရဲစခန်း (ရွှေညောင်ဖူး) မှ သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၇) ဖြင့် ကနဦးရေးဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent