ဖားကန့်ဒေသတွင် စုပေါင်းမြေစာပုံအဖြစ် သတ်မှတ်ထားခြင်းမရှိသောနေရာ၌ မြေစာစွန့်ပစ်နေခြင်းကြောင့် ကျေးရွာနေပြည်သူများ၏ ကျန်းမာရေးကိစ္စအပါအဝင် အခြားဘေးထွက်ဆိုးကျိုးများရှိနေ

ဖားကန့်ဒေသတွင် စုပေါင်းမြေစာပုံအဖြစ် သတ်မှတ်ထားခြင်းမရှိသောနေရာ၌ မြေစာစွန့်ပစ်နေခြင်းကြောင့် ကျေးရွာနေပြည်သူများ၏ ကျန်းမာရေးကိစ္စအပါအဝင် အခြားဘေးထွက်ဆိုးကျိုးများရှိနေ
Published 21 November 2017

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ရှမ်းစုကျေးရွာအနီးရှိ မြေစာပုံကို တွေ့ရစဉ်

ဖားကန့်ဒေသတွင် စုပေါင်းမြေစာပုံအဖြစ် သတ်မှတ်ထားခြင်းမရှိသောနေရာ၌ မြေစာစွန့်ပစ်နေခြင်းကြောင့် ကျေးရွာနေပြည်သူများ၏ ကျန်းမာရေးကိစ္စအပါအဝင် အခြားဘေးထွက်ဆိုးကျိုးများရှိနေကြောင်း သိရသည်။

အဆိုပါ မြေစာစွန့်ပစ်မှုမှာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာနှင့် အလယ်ကုန်းကျေးရွာအနီးတွင် စွန့်ပစ်နေခြင်းဖြစ်ပြီး အဆိုပါမြေစာပုံမှာဖားကန့် ရတနာမြေအတွင်း မြေစာစွန့်ပစ်ရန် တရားဝင်သတ်မှတ်ထားသည့် စုပေါင်းမြေစာပုံ (၁၁) ပုံတွင်မပါဝင်ကြောင်း၊ ထိုသို့မပါဝင်ဘဲ ကျေးရွာများအနီးတွင် မြေစာလာရောက်စွန့်ပစ်ခြင်းကြောင့် ကျေးရွာနေပြည်သူများမှာ ကျန်းမာရေးအရထိခိုက်ခြင်းနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“သူတို့က နေ့ရောညရောမနားဘဲ အလုပ်လုပ်နေကြတယ်။ ကားအစီးရေကလည်းမနည်းဘူး။ ကားအစီးရေ တစ်ရာ့ငါးဆယ်အထက်မှာ ရှိလိမ့်မယ်။ ဘုရားပွဲသွားတဲ့ လှည်းတန်းကတောင် နည်းလိမ့်ဦးမယ်။ သူတို့ကားတန်းကြီးက ပြည့်နေတာ။ ဒီတော့ ကျွန်တော်တို့ရွာဟာ တစ်ချိန်လုံးဖုန်စားနေရတယ်။ အိမ်တွေမှာလည်း ဖုန်ဘယ်လောက်တင်သလဲဆို တစ်နေ့သုံးခါ တံမြက်စည်းလှည်းတာတောင်မနိုင်ဘူး။ ညမှာဓာတ်မီးထိုးလိုက်ရင်လည်း ဖုန်တွေနဲ့ မည်းမှောင်နေတာ။ အမြဲတမ်း ဖုန်တွေရှူးနေရတော့ ကျန်းမာရေးအရ ထိခိုက်မှုတွေရှိလာတာပေါ့။ ရှေ့ဆက်ရင် ဒါကပိုဆိုးမှာ။ အခုမှ ရာသီအစပဲရှိသေးတယ်။ နံပါတ်တစ်ပြောချင်တာက ရေတွင်းရေကန်နဲ့ ပတ်သက်ပြီးတော့ပါ။ ကျွန်တော်တို့က တောင်ကြားထဲကလာတဲ့ စိမ့်စမ်းရေကိုပဲ နှစ်ရွာပေါင်းသောက်သုံးရတာပါ။ အဲဒီရေတွေမှာ ခုဆိုရင် ဖုန်ပြင်ကြီးဖြစ်နေတယ်။ ဒါကိုပဲ ရွာသူရွာသားတွေက သောက်သုံးနေရတဲ့အခါကတော့ အရင်ကမဖြစ်ဘူးတဲ့ တုပ်ကွေးတွေ ခုနောက်ပိုင်းမှာ တအားဖြစ်လာတယ်။ ဒီလိုဖုန်ထရတာကတော့ သူတို့က ရေကိုနိုင်နိုင်မလောင်းနိုင်တဲ့အတွက် ဖြစ်တာပါ။ ဒါလေးတွေ ညှိနှိုင်းတိုင်ပင်ဖို့ အစည်းအဝေးသွားဖိတ်တော့လည်း ကျွန်တော်တို့အောက်ကလူတွေကို ဂရုမစိုက်ပါဘူး” ဟု ဆိပ်မူကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ခံဦးကြည်ဝင်းက ပြောကြားသည်။

ထို့ပြင် အဆိုပါမြေစာပုံမှာ မမုံကျေးရွာနှင့် ဥရုချောင်း၏အထက်စီးတွင် မြင့်မားစွာတည်ရှိနေသည့်အတွက် မိုးရာသီတွင် မြေစာများပျော်ကျပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက မမုံကျေးရွာနှင့် ဥရုချောင်းတို့မှာ ထိခိုက်နစ်နာမှုများစွာရှိနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

“ဒီမှာ စုပေါင်းမြေစာပုံသဘောမျိုး ခုနှစ်ဆိုက်ရှစ်ဆိုက်လောက်ပေါင်းပြီး မြေစာပစ်နေတယ်။ ပစ်နေတဲ့အောက်မှာ ကျွန်တော်တို့ မမုံရွာကအိမ်ခြေ ၆၀၀ လောက် သောက်သုံးနေတဲ့ ရေကန်ရှိတယ်။ ဘုန်းကြီးကျောင်းကအစ ဒီရေကန်ပဲသောက်သုံးနေတယ်။ အခုကတော့ ရေကအဆင်ပြေတယ်။ မိုးတွင်းမှာ မြေစာတွေပျော်ကျပြီးရေကန်ကို ဖုံးလွှမ်းသွားခဲ့မယ်ဆိုရင် သောက်သုံးရေ ခက်ခဲသွားနိုင်တယ်။ အဓိကပြောချင်တာက မြေစာပုံသတ်မှတ်ပေးထားတဲ့ (၁၁) နေရာထဲမှာလည်းမပါတဲ့အပြင် ရပ်ရွာအတွက်လည်း အကျိုးမရှိတဲ့ အန္တရာယ်ကြီးမားတဲ့နေရာမှာ ဘာဖြစ်လို့ပစ်တာလဲ။ ဘယ်သူတွေရဲ့ ခွင့်ပြုချက်နဲ့ ပစ်နေတယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းမသိရဘူး။ ဒီမြေစာပုံကြီးဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပဲ။ အောက်မှာဆိုရင် မမုံရွာရှိတယ်။ ဥရုချောင်းရှိတယ်။ မိုးတွင်းမှာ ဒီကမြေစာတွေဟာ ဥရုချောင်းထဲကို ပျော်ဆင်းသွားနိုင်တယ်။ ဒါဆိုရင် ချောင်းရိုးတစ်လျှောက်ကရွာတွေ အားလုံးနစ်နာနိုင်တယ်” ဟု မမုံကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ခံဦးထွေးမောင်က ပြောကြားသည်။

Most Read

Most Recent