လက်ရှိတာဝန်ယူနေသည့် ပုဂ္ဂိုလ်များပြောဆိုနေသော နိုင်ငံတကာဖိအားဆိုသည်မှာ ၎င်းတို့ပါတီမှ ပုဂ္ဂိုလ်များ တာဝန်ယူစဉ်ကာလက ကြုံတွေ့ရသည့်ဖိအားနှင့် နှိုင်းယှဉ်ပါက ‘သနားတယ်’ ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

လက်ရှိတာဝန်ယူနေသည့် ပုဂ္ဂိုလ်များပြောဆိုနေသော နိုင်ငံတကာဖိအားဆိုသည်မှာ ၎င်းတို့ပါတီမှ ပုဂ္ဂိုလ်များ တာဝန်ယူစဉ်ကာလက ကြုံတွေ့ရသည့်ဖိအားနှင့် နှိုင်းယှဉ်ပါက ‘သနားတယ်’ ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
Published 10 November 2017

နိုင်ငံတော်အား လက်ရှိတာဝန်ယူနေသည့်ပုဂ္ဂိုလ်များ ပြောဆိုနေသော နိုင်ငံတကာဖိအားဆိုသည်မှာ ၎င်းတို့ပါတီမှ ပုဂ္ဂိုလ်များ တာဝန်ယူစဉ်ကာလက ကြုံတွေ့ရသည့် ဖိအားနှင့် နှိုင်းယှဉ်ပါက ‘သနားတယ်’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။ နိုဝင်ဘာ ၉ ရက် ညနေပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် ပါတီဝင်များတွေ့ဆုံပွဲ၌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပြီးနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပါတီဝင်များအား မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့နိုင်ငံတကာ Pressure၊ နိုင်ငံတကာကပေးတဲ့ ဖိအားတွေလို့ ပြောပြီးတော့ လွယ်လွယ်လေး အမျိုးသားအကျိုးစီးပွား ထိခိုက်မယ့်ကိစ္စတွေ ဆုံးဖြတ်သွားမှာ ကျွန်တော်တို့က အလွန်စိုးရိမ်တယ်။ အဲဒီလိုစိုးရိမ်တဲ့ အတွက်လည်း သတိနဲ့စောင့်ကြည့်တယ်။ ပြောသင့်ပြောထိုက်တာတွေကို ပြောတယ်။ မှတ်တမ်းဝင် ကြေညာချက်တွေ ထုတ်ခဲ့တယ်။ အဲဒီအချိန်မှာ ခုနကပြောတဲ့ ပြည်သူလူထုဟာ ဒါတွေကိုနှိုင်းယှဉ်ကြည့်ပြီးတော့ ဘယ်သူတွေ၊ ဘယ်ပါတီတွေ၊ ဘယ်ပုဂ္ဂိုလ်တွေကတော့ ငါတို့ ရေရှည်အတွက် ယုံကြည်စိတ်ချရမယ်။ သေချာတာပြောရရင် နိုင်ငံတော်တာဝန်ယူတဲ့ အချိန်တုန်းကရော ဒီကနေ့ အစိုးရအာဏာမရှိတဲ့ အတိုက်အခံပါတီအဖြစ်နဲ့ ရပ်တည်နေတဲ့ကာလမှာရော ကျွန်တော်တို့ ပါတီသည် (၁) အမျိုးသားရေးကို လုံးဝသစ္စာမဖောက်ဘူး။ (၂) မိမိတို့ရဲ့ဇာတိပုညဂုဏ်မာန အကုန်လုံးကို ရဲရဲဝံ့ဝံ့ အာမခံရဲတယ်။ ကျွန်တော်တို့ တာဝန်ယူရရင် ခင်ဗျားတို့ ဂုဏ်မညှိုးစေရဘူး။ ခင်ဗျားတို့ ယုံကြည်ကိုးကွယ်မှု မပျောက်စေရဘူး။ အဲဒါအခြေခံဥပဒေက ပေးတဲ့အခွင့်အရေးပဲ။ ဒါတွေကို ကျွန်တော်တို့က ပြတ်ပြတ်သားသား ကာကွယ်မယ်။ ဒီလိုလုပ်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တွေ ပါတီထဲမှာ မြောက်မြားစွာ ရှိပါသေးတယ်။ ခုနက ခင်ဗျားတို့ကို လက်ရှိဖြစ်နေတဲ့ အခြေအနေကို ရှင်းပြသွားတဲ့ ဦးဝဏ္ဏ (ယခင်အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်) ဒီမိုကရေစီခေတ်ဦးပိုင်းမှာ မြန်မာနိုင်ငံရဲ့နိုင်ငံတကာဆက်ဆံရေး မျက်နှာစာကို လှလှပပ ကောင်းကောင်းမွန်မွန် ကမ္ဘာနဲ့ ဆက်သွယ်နိုင်အောင် ဖွင့်ပေးခဲ့တဲ့ပုဂ္ဂိုလ်ပါ။ အတွေ့အကြုံ အများကြီးရှိပါတယ်။ ဒီကနေ ကမ္ဘာ့ဖိအား ကမ္ဘာ့ဖိအားလို့ပြောပြီးတော့ လက်ရှိတာဝန်ယူနေတဲ့ပုဂ္ဂိုလ်တွေ International Pressure ဆိုတဲ့ စကားလုံးကြီးနဲ့ပြည်သူလူထုကို ခြိမ်းခြောက်နေတဲ့အချိန်မှာ အဲဒီပုဂ္ဂိုလ်တွေ တာဝန်ယူတုန်းက အဲဒီဖိအားဆိုတဲ့ဥစ္စာက ပြောရလို့ရှိရင် ဗန်းစကားနဲ့ပြောမယ် ‘သနားတယ်’ လို့ပဲ ပြောရမယ်။ အဲဒီ Pressure တွေကို ရင်ဆိုင်ပြီးတော့ နိုင်ငံတော်ကို ကောင်းကောင်း တည်ဆောက်ပေးခဲ့တာ။ အရှေ့အနောက် ပေါင်းကူးပေးခဲ့တာ။ မှတ်ထားပါ” ဟု ပြည်ခိုင်ဖြိုးပါတီ(ဗဟို)ဥက္ကဋ္ဌဖြစ်သည့် ဦးသန်းဌေးက တက်ရောက်လာသည့် ပါတီဝင်များအား ပြောကြားသည်။

၎င်းသည် မြန်မာနိုင်ငံတောင်ပိုင်း ခရီးစဉ်အဖြစ် ရောက်ရှိလာခြင်းဖြစ်ပြီး ထားဝယ်မြို့မှတစ်ဆင့် မြိတ်မြို့သို့ နိုဝင်ဘာ ၁၀ ရက်တွင် သွားရောက်မည်ဖြစ်သည်။

Most Read

Most Recent