<

လွှတ်တော်အဆောက်အအုံကို ဒရုန်းဖြင့်မှတ်တမ်းယူခဲ့သည့် တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား ဇမ္ဗူသီရိတရားရုံးတွင် ယနေ့ တရားစွဲတင်မည်

လွှတ်တော်အဆောက်အအုံအား ဒရုန်းဖြင့် မှတ်တမ်းယူခဲ့သည့် တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား နိုဝင်ဘာ ၁၀ ရက် (ယနေ့) တွင် ဇမ္ဗူသီရိမြို့နယ်တရားရုံး၌ ရုံးထုတ်တရားစွဲတင်မည်ဖြစ်ကြောင်း သိရသည်။

တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား လက်ရှိတွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်၍ မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုသွားမည်ကို မသိရှိသေးကြောင်း ဇမ္ဗူသီရိမြို့နယ်မှူး ဦးဆန်းအောင်က ပြောကြားသည်။

၎င်းက “မနက်ဖြန်စတင်တရားစွဲမှာပါ။ နိုင်ငံခြားသားနှစ်ယောက်ပါ လေးဦးလုံးကိုပါ။ ဘာနဲ့တရားစွဲတင်မယ်ဆိုတာ အတိအကျဖြေဖို့က ဥပဒေအကြံပြုချက်က တိတိကျကျ ပြန်မကျသေးဘူး။ ဥပဒေအကြံပြုချက်ပြန်ကျမှ အတိအကျပြောနိုင်မှာပါ” ဟု ပြောကြားသည်။

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအား အောက်တိုဘာ ၂၇ ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရုံးအမှတ် ၂၇ အနီးမှ ဒရုန်းဖြင့် မှတ်တမ်းယူရန် စတင်နေချိန် ပြည်သူ့လွှတ်တော်ဝင်းလုံခြုံရေး တာဝန်ကျဝန်ထမ်းတစ်ဦးက တွေ့ရှိသဖြင့် ၎င်းတို့ အား အမှတ် (၅) ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံအခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN ၊ ပက်စပို့အမှတ် A 39882675 ၊ ဗီဇာအမှတ် ၀၇၉၀၂၁ ၊ စင်ကာပူနိုင်ငံသား LAUHON MENG ၊ ပတ်စပို့အမှတ် E 5965308A ၊ ဗီဇာအမှတ် D 079022 ၊ စကားပြန်အောင်နိုင်စိုး(ခ) ရာကွက်နှင့် ယာဉ်မောင်း ဦးလှတင်(ခ)ရှက်ဖီးတို့အား MAVICPRO တံဆိပ်ပါ မီးခိုးရောင် ဒရုန်းခဲရောင်နှင့် REMOTECONTROL တို့ အား တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါလေးဦးအား  နမစ(၅) ၄၂/ ၂၀၁၇ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး အောက်တိုဘာ ၂၉ ရက်က ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။

တူရကီအခြေစိုက်စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN နှင့် LAUHON MENG တို့မှာ ဗီဇာသက်တမ်း ၂၁.၁၀.၂၀၁၇ ရက်မှ ၁၈.၁၁. ၂၀၁၇ ရက်အထိ နေထိုင်ခွင့်ရရှိသူများဖြစ်ကြောင်း ရဲစစ်ဆေးချက်များအရ သိရသည်။

ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးမေးမြန်းချက်အရ မြန်မာနိုင်ငံ၏ ရှုခင်းများ၊ လှပသောအဆောက်အအုံများ၊ ဘုရားစေတီများနှင့် လွှတ်တော်အဆောက်အအုံတို့အား ရိုက်ခြင်းဖြစ်ကြောင်း၊ ဒေါက်တာအေးမောင်နှင့် မတွေ့ဖြစ်သဖြင့် လွှတ်တော်အဆောက်အအုံကို ရိုက်ရန်အတွက် ဒရုန်းလွှတ်တင်စဉ် လှည့်ကင်းအဖွဲ့၏ စစ်ဆေးခံရခြင်းဖြစ်ကြောင်း စကားပြန်အောင်နိုင်စိုး (ခ) ရာကွတ်က အမှတ်( ၅)ရဲစခန်းတွင် ထွက်ဆိုထားကြောင်း သိရသည်။

 

November 9, 2017














Copy Protected by Chetan's WP-Copyprotect.