စင်ကာပူနိုင်ငံသား ခံယူထားသူ ကရင်တိုင်းရင်းသားတစ်ဦးက ကျုံပျော်မြို့တွင် တရားမဝင် ဘာသာရေးအဖွဲ့တစ်ခု တည်ထောင်ပြီး လူငယ်နှင့် မိန်းမပျိုများအား ကျွန်ပြုဆက်ဆံခြင်း၊ ဓလေ့ထုံးတမ်းမညီသော လိင်ဆက်ဆံစေခြင်းများ ပြုလုပ်လျက်ရှိဟု ဆို

စင်ကာပူနိုင်ငံသား ခံယူထားသူ ကရင်တိုင်းရင်းသားတစ်ဦးက ကျုံပျော်မြို့တွင် တရားမဝင် ဘာသာရေးအဖွဲ့တစ်ခု တည်ထောင်ပြီး လူငယ်နှင့် မိန်းမပျိုများအား ကျွန်ပြုဆက်ဆံခြင်း၊ ဓလေ့ထုံးတမ်းမညီသော လိင်ဆက်ဆံစေခြင်းများ ပြုလုပ်လျက်ရှိဟု ဆို
Published 10 November 2017

ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေးရွာတွင် စင်ကာပူနိုင်ငံသားခံယူထားသူ ကရင်တိုင်းရင်းသားတစ်ဦးက တရားမဝင် ခရစ်ယာန်ဘာသာရေးအဖွဲ့တစ်ခု တည်ထောင်ကာ လူငယ်နှင့် မိန်းမပျိုများအား မူးယစ်ဆေးများဖြတ်ပေးသည်၊ ဓမ္မသင်တန်းများ ပေးသည်ဟုဆိုကာ စည်းရုံးသိမ်းသွင်းပြီးနောက် ကျွန်ပြုဆက်ဆံခြင်းများ ဓလေ့ထုံးတမ်းနှင့် မညီသော လိင်ဆက်ဆံစေခြင်းများကိုပါ ဆောင်ရွက်လျက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာမှုကို ပြည်ထောင်စုသာသနာရေးဝန်ကြီးက ကော်မတီဖွဲ့ကာ စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားသည်။

ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေးရွာတွင် ကောင်းကင်သစ်ဟု ၎င်းတို့ဘာသာ အမည်ပေးထားသော ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတစ်ခုအား စင်ကာပူနိုင်ငံသား အဖြစ်ခံယူထားသူ စကျော်စိုး (S2744647G) ၊ မန်းဖိုးကြူခေါ် ဦးဉာဏ်ထွန်းဇော်၊ နန်းနီလာထွန်း၊ မန်းဝင်းမြင့် (ခေါ်) အရှည်ကြီး၊ နန်းနင့်မူ၊ မန်းဝင့်ဝါတို့က ဦးဆောင်ကာ ဖွဲ့စည်းထားခဲ့ကြောင်း၊ ယင်းအဖွဲ့အစည်းမှာ မူးယစ်ဆေးစွဲနေသူများအား ဆေးဖြတ်ပေးသည်၊ ဘာသာရေး သင်တန်းများအား ရက် ၄၀ သင်တန်းအဖြစ် သင်တန်းပေးသည်ဟုဆိုကာ ကရင်တိုင်းရင်းသား လူငယ်များကို စုစည်းထားကြောင်း၊ ယင်းအဖွဲ့အစည်းတွင် သင်တန်းတက်ရောက်ခဲ့သည့် လူငယ်များက မိဘနေရပ်များထံသို့ ပြန်လိုခြင်းမရှိသည်အထိ စည်းရုံးသိမ်းသွင်းထားမှုများရှိခဲ့ပြီး မိဘများမှ လာရောက်ပြန်လည်ခေါ်ယူရာတွင်လည်း ပြန်လည် မလိုက်လိုကြခြင်းများ ရှိကြကြောင်း၊ ယင်းအဖွဲ့သို့ ဝင်ရောက်သွားသည့် လူငယ်များမှာ မိမိကိုယ်ကိုယ် ဘုရားဖြစ်သည်ဟု ယူဆခြင်းများ ရှိနေကြောင်း၊ အဖွဲ့အစည်းအတွင်းမှ လူငယ်များအား ဦးဆောင်သူများက အလုပ်များလုပ်ကိုင်စေပြီး ရရှိလာသည့် ငွေကြေးများကို ဘုရားပေးသည်ဟုဆိုကာ ဦးဆောင်သူများကသာ သိမ်းယူထားကြောင်း၊ ယင်းအပြင် အဖွဲ့အစည်းတွင်း၌ ဓလေ့ထုံးစံနှင့် မကိုက်ညီသော လိင်ဆက်ဆံစေခြင်းများပါ ပြုလုပ်စေလျက်ရှိကြကြောင်း၊ သားသမီးများအား ပြန်လည်ခေါ်ယူ၍ မရတော့သောကြောင့် အမှုဖွင့်တိုင်ကြားထားသည့် ဖြစ်စဉ်များလည်းရှိကြောင်း ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

“မိဘတွေက တိုင်ထားတယ်။ တိုင်ထားပေမယ့် ကာယကံရှင်တွေကို သူတို့က ဖုံးကွယ်ထားလိုက်တော့ ဘယ်လိုမှ မလုပ်တတ်ဘူး။ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေက စစ်ဆေးတယ်ဆိုတာ သူတို့က သူတို့ဆုံးဖြတ်ချက်ချတာကိုပြောတာ။ ဒါပေမဲ့ ဒါကအင်မတန် နက်နဲတဲ့ အရာဖြစ်နေတယ်။ အခုမှပိုပြီးတော့ ကျယ်လောင်သွားတာက သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ဗုဒ္ဓဘာသာတွေကိုလည်း ဆွဲသွင်းတယ်။ အန်တီတို့လည်း Facebook မှာ တွေ့လိုက်တာပေါ့။ အဲဒီခြံဝင်းထဲ ရောက်သွားရင် ပြန်ထွက်ဖို့က မလွယ်ဘူးဖြစ်နေတယ်။ နောက်ဒီမှာ အသံဖိုင်တွေလည်းရှိတယ်။ သူတို့က ပိုက်ဆံရရင်လည်း အဲဒါက ဘုရားကိုပေးတယ်ဆိုပြီးတော့ သူတို့ကို ပြန်မပေးတော့ဘူး။ ဒါ ကိုယ်ကမျက်မြင်ကိုယ်တွေ့တော့ မဟုတ်ဘူးပေါ့ ကြားရတာ။ အဲဒီရောက်သွားလို့ရှိရင် မှတ်ပုံတင်သိမ်းတယ်၊ တယ်လီဖုန်းသိမ်းတယ်၊ ပိုက်ဆံလည်းသိမ်းတယ်၊ အပြင်မထွက်တတ်ဘူးပေါ့။ အဲဒီမှာ သွားပြီးတော့ရင်လည်း ပြန်ချင်စိတ် မရှိတော့ဘူး။ တစ်ရက်နဲ့ဆိုရင် နှစ်ရက်နဲ့ဆိုရင်တော့။ ဒါမသိသာဘူးပေါ့။ ကြာသွားလို့ရှိရင် အဲဒီကိုစွဲလန်းသွားတယ်လို့ ပြောတယ်။ ဆေးဝါးတစ်ခုခုများ ဒါမှမဟုတ်ဘဲနဲ့ အောက်လမ်းနည်းများလား ဘယ်လိုလုပ်ရမှန်းမသိဘူး။ စုံစမ်းနေတယ်။ တိတိကျကျကိုမရဘူး။ အန်တီသိသလောက်ဆို အထောင်မှာ အရင်ဖြစ်တာ။ အထောင်မှာ သူတို့တွေက အခြေချတယ်။ အထောင်ကနေပြီးတော့ လှည်းဆိပ်ရောက်လာ တယ်ပေါ့။ အဲဒီမှာ ရူးသွားတဲ့ ကလေးမလေးတစ်ယောက်လည်း တွေ့ရတယ်။ ဒါပေမဲ့ ကိုယ်ကခန့်မှန်းပဲ ပြောရတာလေ။ အဲဒီမှာ ရောက်သွားလို့ရှိရင် မိဘမရှိဘူး။ ဘုရားကျောင်းမလိုဘူး။ အဲဒီမှာ သူကိုယ်တိုင်က ဘုရားဖြစ်သွားပြီ ။မိန်းကလေးဆိုလည်းသူက ဘုရားဖြစ်သွားပြီ။ အဲဒီစင်ကာပူကအဖွဲ့က တရားမဝင်တဲ့အဖွဲ့ ကျွန်မတို့ မြန်မာနိုင်ငံကနေပြီးတော့ ရှိနေတဲ့ ဂိုဏ်းအဖွဲ့တွေနဲ့လည်း မပတ်သက်ဘူး။ သူတို့ဘာသာ သူတို့သီးသန့် ထူထောင်ပြီးတော့မှ ကောင်းကင်သစ်ဆိုပြီးတော့ အဲဒီလိုမျိုးတွေ ဖွဲ့တယ်ပေါ့။ သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဒါကိုအဖွဲ့ဖွဲ့ပြီးတော့ စစ်ဆေးပါလို့ အမိန့်ချတဲ့အတွက် ခုနအန်တီမိုးပြောတဲ့ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရယ် ၊မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်း စုံဌာနတွေက ဘုန်းတော်ကြီးတွေရယ်။ နောက်ပိုး ကရင်သာသနာအဖွဲ့ချုပ်ရယ်။ နောက်ပြီးတော့ ဒီဘက်နယ် သာသနာပေါ့ ။အဲ့ဒါတွေက စုပေါင်းပြီးတော့ အခုဒီနေ့ ရန်ကုန်မှာသူတို့ ဆုံးဖြတ်ချက်ချမယ်။ သူတို့ ဘယ်လိုဆုံးဖြတ်ချက် ချမယ်ဆိုတာကိုတော့ အန်တီမိုးဆီ ပြန်ပို့မယ်။ ကျွန်မကပြောတယ် ကော်မတီဖွဲ့ရုံနဲ့ မပြီးဘူး။ သေသေချာချာ အမှုဖွင့်ပြီးတော့ စစ်ဆေးပြီးတော့မှပဲ ဆုံးဖြတ်ချက်ချလို့၊ သူတို့လုပ်တာက လူတွေကို ကျွန်ပြုတယ်လို့ ပြောလို့ရတယ်။ ထမင်းစားတယ်ကွာ ပိုက်ဆံတစ်ပြားမှမရဘူး။ ကျွေးသလောက်ပဲစား။ အဲဒီလိုမျိုးတော့ရှိတယ်။ ကိုယ်ရတဲ့ အလုပ်လုပ်ခတွေကို သူတို့ကိုပဲပေးရတယ်။ မိဘတွေကို မပေးဘူး။ ဒါက လူကုန်ကူးမှု ဥပဒေနဲ့သွား ငြိတယ်။ အဲဒီလိုမျိုးခံရတဲ့ မိန်းကလေးတွေ ယောက်ျားလေးတွေဟာ ဝန်မခံကြဘူး။ ကျွန် တော့်ကို ဒီလိုမျိုးခိုင်းစားနေပါတယ်လို့ မပြောဘူး။ သူတို့ကိုယ်တိုင်က မိဘမလိုဘူးဖြစ်သွားတယ်။ ဘုရားကျောင်းမလိုဘူး ဖြစ်သွားတယ်” ဟု ဝန်ကြီးဂါ့မိုးမြတ်မြတ်သူက ပြောကြားသည်။

“ဓလေ့ထုံးစံနှင့် မလျော်ညီသော လိင်ဆက်ဆံစေခြင်းများရှိသည်ဟု သတင်းများ ထွက်ပေါ်နေမှုအပေါ်မှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ဝန်ကြီးချုပ်ထံ သတင်းပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

“အစ်ကိုတို့ ဘိုကလေးမြို့က ရုပ်ရှင်ရုံဖွင့်ပွဲမှာ ကရင်ဝန်ကြီးရော ဝန်ကြီးချုပ်ရောလာတယ်။ ပွဲပြီးတော့ NLD ရုံးမှာ အစည်းအဝေး လုပ်တယ်။ အစည်းအဝေးမှာ အစ်ကိုက ကရင်ဝန်ကြီးအနားမှာ ရှိနေတော့ ဝန်ကြီးက ဝန်ကြီးချုပ်ကို ကျုံပျော်မှာ ဘာသာရေးအဖွဲ့က လူငယ်တွေကိုစုပြီးထားတယ်။ မနက်ပိုင်းဆို ချောကလက်ကျွေးပြီးတော့ အခန်းတွေထဲမှာရှိနေတဲ့ လူငယ်တွေကို လိင်ဆက်ဆံစေတယ်။ မွေးလာတဲ့ ကလေးတွေက အဖေ၊ အမေ မလိုဘူး သန့်စင်သောဘုရားပေးတဲ့ ကလေးတွေလို့ သတ်မှတ်ပြီး လုပ်နေတာ ရှိနေတယ်။ ဒါတွေကို အရေးယူဖို့ဘယ်လိုလုပ်ရမယ် မသိဘူးလို့တင်ပြတယ်။ ဝန်ကြီးချုပ်ကြီးကတော့ ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ပြီးတော့ပဲ မှတ်သွားတယ်” ဟု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးက ဝန်ကြီးချုပ်ထံတင်ပြချက်အား အစည်းအဝေး မှတ်တမ်းတင်ခဲ့သူ ဘိုကလေးမြို့နေ တရားလွှတ်တော်ရှေ့နေ ဦးဆန်းလွင်က ပြောကြားသည်။

ကောင်းကင်သစ်ဟု ၎င်းတို့ဘာသာ အမည်ပေးထားသည့် အဖွဲ့မှာ တရားဝင်အဖွဲ့တစ်ခု မဟုတ်ကြောင်း၊  မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ ခရစ်ယာန်ဓမ္မထုံးထမ်းများနှင့် ဆန့်ကျင်ကာ သွေဖည်သော အယူဝါဒများဖြင့် ကျေးလက်နေ ကရင်အမျိုးသမီးများအား စည်းရုံးသိမ်းသွင်း၍ တရားမဝင် အဓမ္မ အဖွဲ့တစ်ခုသာဖြစ်ကြောင်း ကြေညာထားပြီး မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီမှလည်း ခရစ်ယာန်ဘာသာဝင်တို့၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီဘဲ ၎င်းတို့၏ ဆန္ဒအယူဝါဒများသာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။  ယင်းအပြင် မြန်မာနိုင်ငံ ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ကလည်းကောင်း ကင်သစ်အဖွဲ့မှာ အဖွဲ့ချုပ်နှင့် သက်ဆိုင်ခြင်း မရှိဘဲ တိုင်းရင်းသား အမျိုးသားအမျိုး သမီးငယ်များကို စည်းရုံးပြီး ဘာသာရေးအစွန်းရောက် ဂိုဏ်းတည်ထောင်ထားခြင်းသာဖြစ်ကြောင်း ကြေညာချက်များ ထုတ်ပြန်ထားခဲ့သည်။ ကျုံပျော်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ၏ မဲဆန္ဒနယ်ဇာတိမြို့ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၏ ဇာတိကျေးရွာဖြစ်သည်။

Most Read

Most Recent