<

ထွက်ပြေးတိမ်းရှောင်နေသည့် ခွန်တန်အား ဗုဒ္ဓသာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် ထိရောက်စွာ အရေးယူရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူ၏ ဓာတ်ပုံများအား တွေ့ရစဉ်

ထွက်ပြေးတိမ်းရှောင်နေသည့် ခွန်တန်အား ဗုဒ္ဓသာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် ထိရောက်စွာ အရေးယူရန် ဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သတင်းထောက်များအား ပြောကြားသည်။

နိုဝင်ဘာ ၈ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းထောက်များက ခွန်တန်ကိစ္စ ဆောင်ရွက်နေမှု အခြေအနေကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “ခွန်တန် တိမ်းရှောင်နေပါတယ်။ သမီးရှင်တစ်ဦးရဲ့ ဖခင်က မွန်ပြည်နယ် အစိုးရထံမှာ တိုင်ကြားအမှုဖွင့်ထားပါတယ်။ သို့သော် သမီးရဲ့ကိုယ်တိုင်နဲ့ သမီးအမေကိုယ်တိုင်က ကန့်ကွက်ထားပါတယ်။ အမှုဖွင့်တာကို လက်မခံပါဘူး။ ကာယကံရှင် ကိုယ်တိုင်က လက်ခံနေပါတယ်။ တရားဥပဒေကြောင်းအရ၊ အရေးယူ ဆောင်ရွက်သင့်တဲ့ အမှုကိစ္စ ဖြစ်ပါတယ်။ သို့သော်လည်း ပြေးမလွတ်တဲ့ အချက်တစ်ချက်ကတော့ ဗုဒ္ဓသာသနာ ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ (က) နဲ့ဆိုရင်တော့ ပြေးမလွတ်ပါဘူး။ ခွန်တန်ကို ၂၉၅ (က) နဲ့ ထိရောက်စွာ အရေးယူသွားဖို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ ထောင်ဒဏ်သုံးနှစ်လောက် ကျခံနိုင်မှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျဖို့ပဲ လိုပါတယ်။ ပြစ်ဒဏ်နည်းတာ၊ များတာက အဓိက မဟုတ်ပါဘူး။ အလံတစ်ရာ နယ်မြေမှာ ဂေါပကအသစ်ဖွဲ့ဖို့ လုပ်နေတာ မှန်ပါတယ်။ ကိစ္စတွေက မွန်ပြည်နယ် အစိုးရရဲ့ လုပ်ရမယ့် လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။ ဂေါပက ပြန်ဖွဲ့ပါမယ်။ သန့်သန့်ရှင်းရှင်း၊ တည်တည်တံ့တံ့ သိက္ခာ၊ သမာဓိ၊ ပညာတို့နဲ့ ပြည့်စုံတဲ့ ဖွဲ့စည်းဖို့ အတွက်ကို ၀န်ကြီးချုပ်နဲ့ ညှိနှိုင်းပြောဆို ထားပါတယ်။ နောက် စေတီတော်ကြီးကလည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်နေပါပြီ” ဟု သတင်းထောက်များအား ပြောကြားသည်။

ဆက်လက်၍ “ပထမအဆင့်က ခွန်တန်ကိစ္စ ရှင်းရမယ်။ နံပါတ် (၂) က ခွန်တန်ကို ထောက်ခံသူနဲ့ ခွန်တန်ကို ကန့်ကွက်သူတွေ သဘောထားကြီးမားမှုက တော်တော်ကြီးမားပါတယ်။ အဲဒါတွေကို ပြေလည်အောင် စေ့စပ်ညှိနှိုင်းဖို့က အဓိက ဖြစ်ပါတယ်။ အဲဒီကျမှသာလျှင် သီလ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ဂေါပကအဖွဲ့ကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ခွန်တန်ကို မိမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“ကိုယ့်သဘောနဲ့ကိုယ် ပြင်ဖို့လုပ်ထားလို့ စေတီတော်ကြီးလည်း တစ်ပိုင်းတစ်စ ဖြစ်နေပါတယ်။ ရွှေတွေ ခွာထားတာ၊ အင်္ဂတေတွေ ခွာထားတာလည်း ရှိပါတယ်။ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကြီးများကလည်း အဲဒီကိစ္စကို မေးမြန်းပါတယ်။ ပြည်ထောင်စုဝန်ကြီး အနေနဲ့လည်း အနီးကပ် ပါဝင်ကြီးကြပ်ဖို့ အတွက်ကို အကြံဥာဏ်ပြုပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကော်မတီဖွဲ့တဲ့ အခါမှာ လုပ်ငန်းကော်မတီမှာ ကိုယ်တိုင်ပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နာယကအဖွဲ့ဖြစ်ဖြစ် တစ်နေရာရာက ပါဝင်ပြီးတော့ လိုအပ်တဲ့ ညှိနှိုင်းပံ့ပိုးမှုတွေကို လုပ်သွားဖို့တော့ အစီအစဉ်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

 

November 8, 2017














Copy Protected by Chetan's WP-Copyprotect.