ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ချောမောစွာသွားနေသည့် စေ့စပ်ဆွေးနွေးမှုများကို ထိခိုက်စေမည့်အန္တရာယ်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်

ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ချောမောစွာသွားနေသည့် စေ့စပ်ဆွေးနွေးမှုများကို ထိခိုက်စေမည့်အန္တရာယ်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်
Published 9 November 2017

ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကြောင့် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချောမောစွာသွားနေသည့် စေ့စပ်ဆွေးနွေးမှုများကို ထိခိုက်စေမည့် အန္တရာယ်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဥက္ကဋ္ဌ၏ထုတ်ပြန်ကြေညာချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ၏ လူမျိုး၊ ဘာသာ အဆင့်အတန်းခွဲခြားမှုမရှိဘဲ အကျပ်အတည်း ဖြစ်နေသောသူအားလုံးထံ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးအပ်မှုကို အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့မှု အပါအဝင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြိုးပမ်းမှု အချို့အဝက်ကိုသာ အသိအမှတ်ပြုခဲ့ကြောင်းနှင့် ဤထုတ်ပြန်ချက်သည် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ ရင်ဆိုင်နေရသော ပြဿနာများအား နှစ်နိုင်ငံဆွေးနွေးကာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုဖြင့် ဖြေရှင်းမှသာ အောင်မြင်မှုရနိုင်သည် ဆိုသည့်အချက်ကို လျစ်လျူရှုထားခဲ့ကြောင်း ပါရှိသည်။

ထို့ပြင် အဆိုပါဥက္ကဋ္ဌ၏ထုတ်ပြန်ချက်ကြောင့် နှစ်နိုင်ငံအကြား ချောမောစွာသွားနေသည့် စေ့စပ်ဆွေးနွေးမှုများကို ထိခိုက်စေမည့်အန္တရာယ်ရှိကြောင်း၊ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသကဲ့သို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးသည် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ နေပြည်တော်သို့ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နယ်စပ်လုံခြုံရေးအပေါ် ကောင်းမွန်စွာ အကျိုးသက်ရောက်နိုင်မည့် အရေးပါသော စာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် တစ်ချိန်တည်းမှာပင် မြန်မာအစိုးရ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသောသူများ နေရပ်သို့ ပြန်လည် ရောက်ရှိလာရေးအတွက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ချစ်ခင်ရင်းနှီးစွာ ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကိုလည်း နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက် အထိ မြန်မာနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားထားခဲ့ကြောင်း၊ ထိုသို့ဖိတ်ကြားခြင်းမှာ နှစ်ဦးနှစ်ဖက် လက်ခံကျေနပ်သော သဘောတူညီချက်တစ်ရပ် ခရီးစဉ်အတွင်းရရှိရန် မျှော်မှန်းချက်ဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ထို့ကြောင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ကိုင်တွယ်ဖြေရှင်းနေဆဲဖြစ်သော အခြေအနေတစ်ရပ်နှင့် ပတ်သက်ပြီး လိုအပ်မှုမရှိဘဲ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ခြင်းအပေါ် မြန်မာအစိုးရအနေဖြင့် လက်ခံ ကျေနပ်ခြင်းမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကိုဝင် ရောက်စွက်ဖက်ခြင်း မပြုဟူသော အခြေခံမူကို ကိုင်စွဲထားသည့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့၏ ရပ်တည်ချက်ကို အသိအ မှတ်ပြုကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုဝင်ဘာ ၆ ရက်တွင် ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ထွက်ပြေးရသည့်ကိစ္စရပ်အပေါ် အပြစ်တင်ထားသည့် ထုတ်ပြန်ချက်တစ်စောင် တညီတညွတ်တည်း သဘောတူခဲ့ပြီး အနောက်နိုင်ငံများက ပိုမိုပြင်းထန်သော ဆုံးဖြတ်ချက်တစ်ရပ် ထွက်လာရန် လိုလားခဲ့ သော်လည်း တရုတ်၏ကန့်ကွက်မှုကြောင့် ချမှတ်နိုင်ခဲ့ခြင်း မရှိပေ။

ထုတ်ပြန်ချက်ဟူသည် လုံခြုံရေးကောင်စီ၏ မှတ်တမ်းတစ်စိတ်တစ်ပိုင်းသာ ဖြစ်လာမည်ဖြစ်ပြီး ဆုံးဖြတ်ချက်ကဲ့သို့ ဥပဒေအရ ထိုးနှက်ချက်မျိုး မရှိကြောင်း သိရသည်။

အလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၌ အလွန်အကျွံစစ်အင်အား အသုံးပြုမှု နောက်ထပ်မပြုလုပ်ရေး သေချာစေရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ခြေလှမ်းများကို ချက်ချင်းဆောင်ရွက်ရန် မြန်မာအစိုးရအား တောင်းဆိုထားပြီး ဘင်္ဂါလီများအပေါ် မြန်မာလုံခြုံရေးတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်ပတ်သက်သော အစီရင်ခံစာများအား အကြီးအကျယ် စိုးရိမ်မိကြောင်း ဖော်ပြထားသည်။

ယင်း လူ့အခွင့်အရေးချိုးဖောက်မှုများတွင် “အင်အားနှင့် ခြိမ်းခြောက်မှုများကို စနစ်တကျ သုံးစွဲခြင်း၊ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးများကိုသတ်ဖြတ်ခြင်း၊ လိင်ဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် နေအိမ်များနှင့် ပစ္စည်း ဥစ္စာများကိုဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်းတို့ ပါဝင်” ဟု ဆိုသည်။

Most Read

Most Recent