<

အမျိုးသမီးတစ်ဦး ယူဆောင်လာသည့် ကျပ်သိန်း ၅၀၀၀ ပေါက်မဲနံပါတ်ပါ ထီလက်မှတ်ကို အောင်ဘာလေထီရုံးက စစ်ဆေးရာ အတုဖြစ်နေကြောင်း သိရ

အမျိုးသမီးတစ်ဦး ယူဆောင်လာသည့် ကျပ်သိန်း ၅၀၀၀ ဆုပေါက်မဲပါ ထီလက်မှတ်ကို ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ စစ်ဆေးရာ အတုဖြစ်နေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၇ ရက်တွင် ကျောက်တံတားမြို့နယ် (၄) ရပ်ကွက် မဟာဗန္ဓုလလမ်း အမှတ် (၃၈၃) ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲသို့ တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးက (၆) ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ် အမှတ် ကခ-၂၀၁၁၈၃ ဖြင့် ကျပ် သိန်း ၅၀၀၀ ဆုရ လက်မှတ် မှန်/မမှန် လာရောက်စစ်ဆေးခဲ့ရာ အောင်ဘာလေ သိန်းဆုဌာနခွဲ၏ စစ်ဆေးချက်အရ အဆိုပါ ထီလက်မှတ်မှာ အတုဖြစ်နေကြောင်း၊ ယင်းသို့ အတုဖြစ်နေသဖြင့် ပြည်တွင်း အခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုညွှန်မှူးဒေါ်အိအိခိုင်က တိုင်တန်း၍ ဒေါ်—-  အား ကျောက်တံတား မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၆၈ (အတုပြုလုပ်မှု) ဖြင့် နိုဝင်ဘာ ၈ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့ ကျောက်တံတား မြို့မရဲစခန်း (က/ခ) ပုံစံဖြင့် ဦးတိုက်လျှောက်ထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အား သိရှိနိုင်ရန် အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုညွှန်မှူး ဒေါ်အိအိခိုင်အား သွားရောက်မေးမြန်းခဲ့ရာ လတ်တလောတွင် မဖြေကြားနိုင်သေးကြောင်း၊ အောင်ဘာလေ သိန်းဆုဌာနခွဲ၏ မီဒီယာပြန်ကြားရေးဌာနသို့ သွားရောက်မေးမြန်းပြီး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရန်၊ အဆင်ပြေသည့် အချိန်တွင် ပြန်လည်ဖြေကြား ပေးမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည် ဖြေကြားမည်ကို အတိအကျ မပြောနိုင်သေးကြောင်း ပြန်လည်ပြောကြားသည်။

ယင်းကြောင့် အောင်ဘာလေမီဒီယာ ပြန်ကြားရေးဌာနသို့ သွားရောက်မေးမြန်းရာ အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက လာရောက် သတင်းယူသူများ အနေဖြင့် သက်ဆိုင်ရာ သတင်းဌာန၏ ရုံးတံဆိပ်ပါ စာရွက်၊ တာဝန်ခံမည့် အယ်ဒီတာ၏ လက်မှတ်တို့ဖြင့် သိလိုသည့် အကြောင်းအရာများအား ရေးသားတင်ပြရမည် ဖြစ်ကြောင်း အကြောင်းပြန်ကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကို မေးမြန်းရာ “အဲဒီအမျိုးသမီးကို ကနဦးစစ်ဆေးတဲ့ နေရာမှာ သူကပြီးခဲ့တဲ့ ရှစ်လပိုင်းက ပုဂံကို ဘုရားဖူးသွားခဲ့တယ်။ အဲဒီလို သွားတဲ့အခါမှာ အထည်ဆိုင် တစ်ဆိုင်က အထည်ဝယ်တဲ့အခါ အကြွေမရှိလို့ ကံစမ်းတဲ့ အနေနဲ့ ထီလက်မှတ်ကို ယူသွားပါဆိုပြီး ပေးလိုက်လို့ ယူလာတာလို့  ပြောတယ်ပေါ့။ ထီလက်မှတ်ကို အိတ်ထဲထည့်ထားပြီးတော့ အခုတွေ့လို့ သတိရတဲ့ အခါမှာ ခြောက်ကြိမ်မြောက်က ထီပေါက်စဉ်ကို အွန်လိုင်းကရှာပြီး တိုက်တယ်ပေါ့။ ကျပ်သိန်း ငါးထောင်ဆုပေါက်တာ တွေ့လို့သူ့ ထီလက်မှတ်က စစ်မစစ် အောင်ဘာလေရုံးကို လာရောက်စစ်ဆေးတဲ့ အခါမှာ အတုဖြစ်နေတယ်လို့ သိရတယ်။ သူလာထုတ်တဲ့ ကျပ်သိန်းငါးထောင် ပေါက်မဲဆုက မန္တလေးက ပေါက်လို့ ဆုငွေထုတ်ပြီးသား လက်မှတ်ဖြစ်တယ်လို့ ကနဦး သိရပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။

November 8, 2017














Copy Protected by Chetan's WP-Copyprotect.