မင်းဘူးခရိုင် ထွေအုပ်ရုံး ဂိုဒေါင်ဟောင်း အတွင်းရှိ ရေဘေးလှူဒါန်းရေးပစ္စည်း လက်ကျန်များ ခိုးထုတ်သည့် အမှုမှ ပစ္စည်းမျိုးစုံ ပါဝင်သည့် ပီနံအိတ် ၅၉ လုံး ထပ်မံသိမ်းဆည်းရမိ

မင်းဘူးခရိုင် ထွေအုပ်ရုံး ဂိုဒေါင်ဟောင်း အတွင်းရှိ ရေဘေးလှူဒါန်းရေးပစ္စည်း လက်ကျန်များ ခိုးထုတ်သည့် အမှုမှ ပစ္စည်းမျိုးစုံ ပါဝင်သည့် ပီနံအိတ် ၅၉ လုံး ထပ်မံသိမ်းဆည်းရမိ
Published 9 November 2017

ဖမ်းဆီးထားသည့်ယာဉ်အား မင်းဘူးမြို့မရဲစခန်းရှေ့တွင် တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမအနီး ဂိုဒေါင်ဟောင်း အတွင်းရှိ ရေဘေးလှူဒါန်းရေးပစ္စည်း လက်ကျန်များ ခိုးထုတ်သည့်အမှုမှ ပစ္စည်းမျိုးစုံ ပါဝင်သည့် ပီနံအိတ် ၅၉  လုံးကို နိုဝင်ဘာ ၇ ရက်က ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း မင်းဘူးမြို့မြို့မ ရဲစခန်း အဆိုပါအမှု၏ စစ်ဆေးရေး တာဝန်ခံ ဒုရဲအုပ်ကျော်ငြိမ်းထံမှ သိရသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် မကွေးတိုင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်စဉ်က ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသည့် ပစ္စည်းလက်ကျန်များ အဆိုပါ ဂိုဒေါင်အတွင် ရှိနေခဲ့ကြောင်း ယင်းပစ္စည်းများအား Light Truck ကားအဖြူရောင်ဖြင့် ထုတ်ယူသယ်ဆောင်နေသည်ဟု အောက်တိုဘာ ၃၁ ရက် ည ၁၀ နာ ရီခန့်က မင်းဘူးမြို့နယ် ရွှေတပင်ကွက်သစ်ရပ်မှ ဦးနေဝင်းက မြို့မရဲစခန်းသို့ သတင်းပေး တိုင်ကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ရာ မင်းဘူးမြို့အမှတ် (၂) ရပ်ကွက် ဆွမ်းလောင်းရုံအနီး ပစ္စည်းများ တင်ဆောင်ထားသည့် ကားနှင့်လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကားနှင့်အတူ ဖမ်းဆီးရမိသူ ထွေအုပ်ဝန်ထမ်း တစ်ဦးက ထွေအုပ်ရုံးဌာနခွဲမှူး ဒေါ်ခင်ဝင်းမေက ခိုင်းစေသည်ဟု ပြောကြားခဲ့သောကြောင့် ဒေါ်ခင်ဝင်းမေကိုပါ ဆက်လက် ဖမ်းဆီးခဲ့ကြောင်း ဒေါ်ခင်ဝင်းမေအား ဆက်လက်စစ်ဆေးရာမှ ထွေအုပ်ရုံးဂိုဒေါင်အတွင်း ကျန်ရှိနေသေးသည့် ပစ္စည်းအစုံ ပါဝင်သော ပီနံအိတ် ၅၉ လုံးကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

“အမှုက စစ်ဆေးဆဲကာလပဲ ရှိပါသေးတယ်။ ဒေါ်ခင်ဝင်းမေရဲ့ ထွက်ဆိုချက်အရ ထပ်မံသိမ်းဆည်းရာမှာ ပီနံအိတ်တွေထပ်ပြီး သိမ်းဆည်းခဲ့တာပါ။ အခင်းဖြစ်စဉ်က ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးရမိဖို့လည်း သူ့ဒေသက အုပ်ချုပ်ရေးမှူးနဲ့ ချိတ်ဆက်ဆောင်ရွက် နေပါတယ်” ဟု အဆိုပါအမှု၏ အမှုစစ်ဖြစ်သူ ဒုရဲအုပ်ကျော်ငြိမ်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းဖြစ်စဉ်ကို သတင်းပေး တိုင်ကြားခဲ့သည့် ဦးနေဝင်းက “ကျွန်တော်တို့ ပွင့်ဖြူက ရေဘေးပစ္စည်းတွေ ထွေအုပ်ရုံးထဲမှာ ရှိနေတယ်လို့ သိရတဲ့အတွက် ကွင်းဆက်တွေလိုက်ပြီး စောင့်ကြည့်ခဲ့တာပါ။ အခု ဖမ်းဆီးမိပြီဆိုတော့ ပစ္စည်းတွေကလည်းများတော့ ဒီပစ္စည်းတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူတွေလက်ထဲ မြန်မြန်ဆန်ဆန် လှူဒါန်းပေးစေချင်ပါတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါအမှုကို မူလသတင်းပေး တိုင်ကြားခဲ့သည့် ဦးနေဝင်းက တရားလိုလုပ်၍ (ပ)အမှတ် ၂၃၈၁/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀/၁၁၄ ဖြင့် မင်းဘူးမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent