<

သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်နေသည့် မော်တင်စွန်း စေတီတော်ကြီးအား အလှူရှင် အဖွဲ့တစ်ဖွဲ့က အကုန်အကျခံ ပြင်ဆင်မည်

ငပုတောမြို့နယ်ရှိ မော်တင်စွန်း စေတီတော်အား ဖူးတွေ့ရစဉ်

သဘာဝဘေး အန္တရာယ်များကြောင့် ရင်ပြင်တော်နိမ့်ကျခြင်း အုတ်တံတိုင်းများ ကွဲအက်ခြင်း ဘုရားကြီးထီးတော် သံချေးတက်ခြင်းများ ဖြစ်ပေါ်နေသည့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ သမိုင်းဝင် မော်တင်စွန်း စေတီတော်ကြီးအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အလှူခံမှုအရ ဇေကမ္ဘာဦးခင်ရွှေ ဦးဆောင်သည့် သာသနာ့နုဂ္ဂဟအသင်းမှ အကုန်ကျခံ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရင်ပြင်တော် နိမ့်ကျခြင်းနှင့် အုတ်တံတိုင်းများ ကွဲအက်နေခြင်းများ ဖြစ်ပေါ်နေသည့် မော်တင်စွန်း စေတီတော်ကြီးအား ပြင်ဆင်နိုင်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြည်ထောင်စု သာသနာရေး ၀န်ကြီးထံ တင်ပြခဲ့ကြောင်း၊ ယင်းတင်ပြချက်အရ အလှူရှင်များ ရှာဖွေရာတွင် ကနဦးစွာ ပြည်ထောင်စု သာသနာရေးဝန်ကြီးမှ မက်စ်ကုမ္ပဏီအုပ်စုမှ ဦးဇော်ဇော်အား အကူအညီတောင်းခံခဲ့ပြီး ဦးဇော်ဇော်ကလည်း လှူဒါန်းရန် ကတိပေးခဲ့ကြောင်း၊ ယင်းနောက် ဇေကမ္ဘာဦးခင်ရွှေက ၎င်းကလှူဒါန်းလိုကြောင်း တောင်းဆိုမှုကြောင့် ဇေကမ္ဘာဦးခင်ရွှေအား လှူဒါန်းပေးရန် အကူညီ တောင်းခံခဲ့ကြောင်း၊ ဦးခင်ရွှေနှင့် အဖွဲ့မှ မော်တင်စွန်း ဘုရားကြီးအား လက်ရှိဖြစ်ပေါ်နေသည့် ရင်ပြင်တော် နိမ့်ကျခြင်း၊ အုတ်တံတိုင်းများ ကွဲအက်နေခြင်းနှင့် ထီးတော် သံချေးများ တက်နေခြင်းများကို ယခုနှစ် ဘုရားပွဲတော် အမီပြင်ဆင်ပေးနိုင်ရန်နှင့် ဆက်လက် လုပ်ဆောင်ခွင့်ရရှိပါက ဘုရားကြီးရင်ပြင်တော် နေရာတိုးချဲ့ရေးနှင့် ဘုရားကြီးအား ရှေးမူလက်ရာမှာ ရွှေတိဂုံစေတီတော်ကြီးကဲ့သို့ စတီးပြားများကပ်ကာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုပါ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“ဒီလုပ်ငန်းစတဲ့ အစကတော့ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကျော်က ငလျင်လှုပ်လိုက်တော့ ဘုရားကြီးရဲ့ ရင်ပြင်တော် အရန်တံတိုင်းတွေ ကွဲအက်သွားတယ်။ ရင်ပြင်တော်မြေလည်း နည်းနည်းနိမ့်သွားတယ်။ ဒါကြောင့် ရေရှည်မှာ ဒီဘုရားကြီး ထိခိုက်သွားမှာ စိုးရတယ်။ အဲဒီအတွက် တိုင်းဒေသကြီး အစိုးရကတော့ ဒီဘုရားကြီးရဲ့ ရင်ပြင်တော်ကို အဓိက ပြန်လည် ပြုပြင်ဖို့ဆိုပြီးတော့ မနှစ်က ဘုရားပွဲကျင်းပတဲ့ အချိန်ကတည်းက နေပြီးတော့ ၀န်ကြီးချုပ် ကိုယ်တိုင်လည်း ရင်ပြင်တော်နိမ့်ကျမှု အုတ်တံတိုင်းများ ကွဲအက်မှုကို ကြည့်ခဲ့တယ်။ ဒါကို တိုင်းဒေသကြီး အစိုးရကပဲ တိုင်းဒေသကြီး အစိုးရ အစီအစဉ်နဲ့ ဆက်လက် ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လမ်းဦးစီးဌာနကို တာဝန်ပေးပြီးတော့ ကုန်ကျစရိတ်တွေ တွက်ခိုင်းတယ်။ ပြင်ဆင်ရမဲ့ အနေအထားတွေကို တွက်ချက်ပြီးတော့ တင်ပြခိုင်းထားတယ်။ အဲဒီအနေအထားမှာပဲ ၀န်ကြီးချုပ်က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ရော လုပ်ငန်းရှင်တွေရောနဲ့ တွေ့ခဲ့တယ်။ တွေ့ခဲ့တာမှာ ဘုရားကြီး ပြန်လည်ပြုပြင်ရမယ့် အခြေအနေမှာ ရှိနေတယ်။ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကိုလည်း တင်ပြတယ်။ တင်ပြတဲ့အခါမှာ ၀န်ကြီးကရော ၀န်ကြီးချုပ်ကရော ဒီဘုရားကြီး ပြန်လည်ပြုပြင်ဖို့အတွက် ပြည်ထောင်စု ဘဏ္ဍာရေး ၀န်ကြီးဌာနကနေ ဘယ်လိုမျိုးပံ့ပိုးနိုင်မလဲ ဆိုတာကို မေးတယ်။ မေးတဲ့အခါမှာ ပြည်ထောင်စု သာသနာရေး ၀န်ကြီးက သူအလှူရှင်တွေ ရှာထားတယ်။ ဧရာဝတီတိုင်းရဲ့ ဘုရားဖြစ်တဲ့အတွက် ဧရာဝတီတိုင်းရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တာဝန်ယူနေတဲ့ ဦးဇော်ဇော်ကို တာဝန်ပေးတယ်။ ဦးဇော်ဇော်ကလည်း လှူပေးပါ့မယ်လို့ တာဝန်ခံတယ်။ အဲဒီစကားဝိုင်းကိုပဲ ဇေကမ္ဘာဦးခင်ရွှေက ၀င်လာတယ်။ ၀င်လာပြီးတော့ ကျွန်တော်လုပ်ချင်တယ်လို့ ပြောတယ်။ သူကတော့ သာသနာရေးနဲ့ ပတ်သက်ရင် အတွေ့အကြုံ ပိုများတယ်။ သူကဘုရားတွေ လှည့်ပြင်တာတွေရော နောက်သူက မြန်မာနိုင်ငံ သာသနာ့နုဂ္ဂ အသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်တယ်။ ဒီလုပ်ငန်းကိုလည်း လုပ်နေတယ်။ နောက်ဘုရားတွေပြင်တဲ့ ဆရာတော်တွေနဲ့လည်း သူကပူးပေါင်းပြီးတော့ ဘုရားတွေလိုက်ပြင်တာ သူ့အပြောအရဆို ဘုရားအဆူပေါင်း ၄၅၀ လောက်ရှိနေပြီလို့ ပြောတယ်။ အဲဒီတော့ သူက ဦးဇော်ဇော်ကို ပေးထားတဲ့ တာဝန်ကို ဦးဇော်ဇော်ဆီက မေတ္တာရပ်ခံပြီးတော့ ကျွန်တော်လုပ်ပါ့မယ်။ ကျွန်တော် အသေအချာ ကောင်းအောင်လုပ်ပါ့မယ် ဆိုပြီးတော့  တာဝန်ဝင်ယူလိုက်ပြီးတော့ ၀န်ကြီးချုပ်ရဲ့ရှေ့မှာပဲ သူတာဝန်ယူမယ်ဆိုပြီး ပြောခဲ့တယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

မော်တင်စွန်း စေတီတော်ကြီးမှာ သမိုင်းဝင် ရှေးဟောင်းဆံတော်ရှင် စေတီတော်တစ်ဆူ ဖြစ်သောကြောင့် ယိုယွင်းမှုများအား ပြင်ဆင်ထိန်းသိမ်းခြင်းအား ဒေသခံပြည်သူများ ကြိုဆိုလက်ခံ ကြသော်လည်း ဘုရားကြီးအား ရှေးမူမပျက် ရှေးဟောင်းလက်ရာများ အတိုင်းသာ ပြင်ဆင်ပေးရန် လိုလားလျက် ရှိနေကြောင်း သိရသည်။

 

November 8, 2017














Copy Protected by Chetan's WP-Copyprotect.