<

မြန်မာနိုင်ငံရှိ ၀က်ဝံမျိုးစိတ် နှစ်မျိုးစလုံးအား တရားမ၀င် တင်ပို့ရောင်းချမှု မြင့်မားလာသဖြင့် မျိုးသုဉ်းပျောက်ကွယ်မည်ကို စိုးရိမ်နေရ

ဟုမ္မလင်းမြို့ ကက်သာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် မွေးမြူထားသော ဟိမ၀န္တာဝက်ဝံများကို တွေ့ရစဉ်

မြန်မာနိုင်ငံရှိ ၀က်ဝံမျိုးစိတ်နှစ်မျိုးလုံးကို တရားမ၀င် တင်ပို့ရောင်းချမှု မြင့်မားလာသဖြင့် မြန်မာနိုင်ငံရှိ ၀က်ဝံများမျိုးသုဉ်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဟိမ၀န္တာဝက်ဝံနှင့် မလေးဝက်ဝံဟူ၍ ၀က်ဝံမျိုးစိတ် နှစ်မျိုးရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တရုတ်နိုင်ငံသို့ တရားမ၀င် ကူးသန်းရောင်းဝယ်နေမှု များပြားနေသဖြင့် ထိုသို့စိုးရိမ်နေရခြင်း ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ လက်ထောက် သုတေသနမှူး ဦးဇာနည်အောင်၏ ပြောကြားချက်အရ သိရသည်။

“အခုနောက်ပိုင်းမှာ အကောင်လိုက် ရောင်းဝယ်တာ သိပ်မတွေ့ရတော့ပဲ။ တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီး သယ်ဆောင် ရောင်းဝယ်ကြတာကို တွေ့လာရတယ်။ ဥပမာ- ကျားတို့၊ ဆင်တို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆိုရင် အကုန်လုံး ဖြတ်တောက်ပြီးမှ သယ်ကြတော့တာ။ တရားမ၀င် ရောင်းဝယ်တဲ့လူတွေ ဘက်ကလည်း နည်းစနစ် မြင့်မားလာတဲ့ သဘောပေါ့။ WCS အနေနဲ့ တရားမ၀င် အမဲလိုက်ခြင်း လျှော့ချဖို့ဆိုပြီး အဖွဲ့အစည်း တစ်ခုအနေနဲ့ လုပ်ထားတာရှိတယ်။ အဲဒီအဖွဲ့အစည်းနဲ့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး စစ်ဆေးတဲ့အခါ ၀က်ဝံတွေရဲ့ အစိတ်အပိုင်းတွေ သယ်တာကို နယ်စပ်မှာ တော်တော်များများ တွေ့လိုက်ရတယ်” ဟု ဦးဇာနည်အောင်က ပြောကြားသည်။

ယခင်က ၀က်ဝံများ၏ သည်းခြေများကိုသာ တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့သော်လည်း ယခုအခါ ၀က်ဝံ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးနီးပါး ၀ယ်ယူလာသဖြင့် တရားမ၀င် သတ်ဖြတ်ရောင်းဝယ်မှု မြင့်မားလာရခြင်း ဖြစ် ကြောင်း သိရသည်။

“အရင်ကတော့ ၀က်ဝံသည်းခြေတွေပဲ ၀ယ်ပေမဲ့ အခုတော့ ၀က်ဝံခြေ၊ လက်နဲ့ ခြေသည်း၊ လက်သည်းကအစ အစိတ်အပိုင်း အကုန်လုံးနီးပါးကို တရုတ်ပြည်ကနေပြီး သူတို့ရဲ့ တိုင်းရင်းဆေးအတွက် ၀ယ်ယူမှု မြင့်လာတဲ့အတွက် ဒါမျိုးတွေ ဖြစ်လာရတာပေါ့” ဟု ဦးဇာနည်အောင်မှ ဆက်လက်ပြောကြားသည်။

ဝက်ဝံများကို တရားမ၀င် သတ်ဖြတ်ရောင်းဝယ်နေခြင်းအပြင် ၎င်းတို့နေထိုင်ရာ သစ်တောများ ပြုန်းတီးလာခြင်း၊ စားကျက်မြေများ ရှားပါးလာခြင်းတို့ကြောင့်လည်း မြန်မာနိုင်ငံရှိ ၀က်ဝံမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။

သစ်တောပြုန်းတီးမှုကြောင့် ၀က်ဝံများ၏ စားကျက်မြေများ ရှားပါးလာသဖြင့် ၀က်ဝံများ အစာရှာဖွေရင်း လူနေထိုင်ရာ ကျေးရွာများသို့ မျက်စိလည် ရောက်ရှိလာခြင်းများ ယခုအခါ ကြုံတွေ့လာရကြောင်းလည်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ဦးအောင်ကျော်၏ ပြောကြားချက်အရ သိရသည်။

“သစ်တောပြုန်းတီးလာတာ၊ တောထဲကို လူတွေအရောက်အပေါက် များလာပြီး သူတို့ရဲ့ စားကျက်မြေတွေကို အနှောင့်အယှက်ပေး ခံရတာတွေကြောင့် လူတွေနဲ့ ဝေးတဲ့နေရာကို ရှောင်ရင်း တောနဲ့ဆက်စပ်နေတဲ့ ရွာတွေထဲကို မျက်စိလည်ပြီး ရောက်သွားတာ ရှိသလို အစာရှာရင်း ရှာရင်းနဲ့ တောထဲကနေလွန်ပြီး ရွာတွေထဲကို ရောက်သွားတာမျိုးတွေ ရှိလာတယ်။ ဒါကို ကျွန်တော်တို့ကတော့ အစာရှာရင်းနဲ့ နယ်ကျွံတယ်လို့ ခေါ်တယ်။ အဲဒီလို စားကျက်လွန်ပြီး ရွာထဲကို ရောက်လာတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ပြန်မောင်းထုတ်တဲ့အခါ ပြန်လမ်းဖွင့်ပေးပြီး ပြန်မောင်းပေးရတယ်။ ဒီလို ပြန်လမ်းလူအုပ်ကြီးနဲ့ဝိုင်းပြီး မောင်းထုတ်တဲ့အခါ တိရစ္ဆာန်တွေက ထွက်ပေါက်မရှိတော့ လူကိုပြန်ပြီး ရန်မူတာတို့ အန္တရာယ်ပြုတာတို့ လုပ်တဲ့အခါ လူတွေကလည်း ပြန်ကာကွယ်ရင်း ထိခိုက်ဒဏ်ရာရတာတို့ တိရစ္ဆာန်ကို မတော်တဆ သတ်မိလိုက်တာတို့ ဖြစ်တတ်တယ်” ဟု ဦးအောင်ကျော်က ပြောကြားသည်။

ဟိမ၀န္တာဝက်ဝံသည် ရင်ဘတ်တွင် (V) ပုံအဖြူရောင်အမွေးရှိကာ တစ်ကိုယ်လုံးတွင် အနက်ရောင် အမွေးကြမ်းများဖြင့် ဖုံးလွှမ်းထားပြီး ခန္ဓာကိုယ်ကြီးမားကြောင်းနှင့် မလေးဝက်ဝံသည် ရင်ဘတ်တွင် (U) ပုံအဖြူရောင် အမွေးရှိကာ တကိုယ်လုံးအား အ၀ါဖျော့ရောင် အမွေးနုများဖြင့် ဖုံးလွှမ်းထားပြီး ခန္ဓာကိုယ် သေးငယ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဟိမ၀န္တာဝက်ဝံနှင့် မလေးဝက်ဝံ နှစ်မျိုးလုံးသည် နေထိုင်ကျက်စားရာနေရာ တူညီကြပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ အအေးပိုင်း ဒေသများမှလွဲ၍ နေရာအနှံ့အပြားတွင် တွေ့ရလေ့ရှိကြောင်း သိရသည်။

 

November 8, 2017














Copy Protected by Chetan's WP-Copyprotect.