ဗန်းမောက်မြို့နယ်တွင် ဆင်ထီးတစ်ကောင်နှင့်အတူ တရားမဝင်ကျွန်းသစ် ၄၂ တန်ကျော် ဖမ်းဆီးရမိ

ဗန်းမောက်မြို့နယ်တွင် ဆင်ထီးတစ်ကောင်နှင့်အတူ တရားမဝင်ကျွန်းသစ် ၄၂ တန်ကျော် ဖမ်းဆီးရမိ
Published 9 November 2017

ဓာတ်ပုံ - သောင်းနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်က ဆင်ထီးတစ်ကောင်နှင့်အတူ တရားမဝင် ကျွန်းသစ် ၄၂ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသောင်းနိုင်ထံမှ သိရသည်။

ကသာခရိုင် ဗန်းမောက်မြို့နယ် ကလပ်ကြိုးဝိုင်း အကွက်နံပါတ် (၁၂) ထဲတွင် ဆင်ထီးတစ်ကောင် အပါအဝင် တရားမဝင် ကျွန်းသစ် ၄၂ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးရမိခဲ့သည့် ဆင်သည် စွယ်စုံဆင်ထီး တစ်ကောင်ဖြစ်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

“ဗန်းမောက်မြို့နယ် ကလပ်ကြိုးဝိုင်း အကွက်နံပါတ် (၁၂) ထဲမှာ ဆွယ်စုံဆင်ထီး တစ်ကောင်နဲ့ ကျွန်းသစ်ခွဲသားရော အလုံးရော ၄၂ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်။ နောက်တစ်ခါ တရားခံသုံးဦးပါ ဖမ်းဆီးရမိခဲ့တယ်။ အမှုလည်း ကျွန်တော်တို့ ဖွင့်ထားပါတယ်။ တရားခံသုံးဦးရဲ့ ထွက်ဆိုချက်အရ သစ်စက်ပိုင်ရှင်ကိုလည်း ပေါ်ပေါက်ပါတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ အမှုဖွင့်ထားပါတယ်” ဟု ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။

ဖမ်းဆီးရမိတဲ့ တရားခံသုံးဦးမှာ ဆင်ခေါင်း ချစ်အောင်၊ ဝေယံဦးနှင့် ကျော်သန်းထိုက်တို့ ဖြစ်ကြောင်း သစ်စက်ပိုင်ရှင် အပါအဝင် လေးဦးအား အမှုဖွင့်ထားသည်။

ဗန်းမောက်မြို့မရဲစခန်းမှ သစ်စက်ပိုင်ရှင် အပါအဝင် ဆင်ခေါင်းချစ်အောင်၊ ဝေယံဦးနှင့် ကျော်သန်းထိုက် တို့လေးဦးအား ပြည်သူပိုင် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆ (၁) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent