ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ကြောင်း ရေနည်းကာလ ရောက်လာသည့်အတွက်သဲသောင်ထွန်းမှု များလာပြီး ရေအောက် သောင်ပြင်များကြောင့် ကုန်ပို့မော်တော်များ သတိပြုမောင်းနှင်နေရ

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ကြောင်း ရေနည်းကာလ ရောက်လာသည့်အတွက်သဲသောင်ထွန်းမှု များလာပြီး ရေအောက် သောင်ပြင်များကြောင့် ကုန်ပို့မော်တော်များ သတိပြုမောင်းနှင်နေရ
Published 9 November 2017

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်အတွင်း ယခုရေနည်းကာလ စတင်ချိန်မှာပင် ပေါ်ထွန်းလာသည့် သဲသောင် တစ်ခုကို တွေ့ရစဉ်

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ကြောင်း ရေနည်းကာလ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် သဲသောင်ပေါ်ထွန်းမှု များပြားလာပြီး ရေအောက်ဆီးပါးများကြောင့် မော်တော်များ သတိပြုမောင်းနှင်လာရကြောင်း မြစ်ဝကျွန်းပေါ် ဒေသနှင့် ပခုက္ကူမြို့သို့ ကုန်စည်သယ် ပို့နေသည့် ရေယာဉ်မောင်းများထံမှ သိရသည်။

သဲသောင်သစ်များ စတင်ပေါ်ထွန်းခြင်း၊ အချို့သော သဲသောင်များမှာ ပေါ်ထွန်းစဖြစ် သည့်အတွက် အလွယ်တကူ မမြင်တွေ့နိုင်ခြင်း၊ ရေအောက်ဆီးပါး (ရေအောက်သောင်ပြင်) ဖြစ်ပေါ်လာခြင်းနှင့် ရေလမ်းကြောင်း စတင်ပြောင်းလဲလာခြင်းတို့ကြောင့် စက်လှေငယ်များဖြင့် ရေကြောင်းစမ်းသပ်ပြီးမှ ကုန်ပို့မော်တော်များ သွားလာရကြောင်း သိရသည်။

“ဒီလိုမိုးကုန်ချိန်ဆိုရင် ရေကြောင်းက စကျပ်နေပြီ။ နှစ်တိုင်းရေနည်းရေကျချိန်မှာ ကြုံနေကြပဲ။ မော်တော် သောင်မတင်အောင် တော့ တခြားအချိန်ထက် ပိုဂရုစိုက်ရတယ်။ ရေကြောင်းကလည်း ပြောင်းစပေါ်စပြု သောင်တွေကလည်း သေချာမြင်ရသေးတာ မဟုတ်တော့ သတိထားရတယ်။ စိတ်မချရင် စက်လှေနဲ့ ရေအနက်တိုင်းပြီး မော်တော် မောင်းလို့ရတဲ့ ရေနက်ရှာပြီး မောင်းရတယ်။ ရေစီးနဲ့ဆိုတော့ အစုန်ခရီးက ပိုဂရုစိုက်ရတယ်။ မော်တော်သောင်တင်သွားရင် ရေအနက်ဆီပြန်ချဖို့ အတော်လေး မောင်းယူရတယ်” ဟု မြစ်ဝကျွန်းပေါ်ဒေသမှ ပခုက္ကူမြို့သို့ ကုန်စည်လာရောက် ပို့ဆောင်သည့် မော်တော်ဆလင်ဦးစန်းက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစ၍ ဧရာဝတီမြစ်ရေ ဆက်တိုက်ကျဆင်း လာသည့်အတွက် ပခုက္ကူမြို့အနီးဧရာဝတီမြစ် ကြောင်းတွင် သဲသောင်ပေါ်ထွန်းမှု များပြား လာသော်လည်း ကုန်စည်လျှော့ချ တင်ဆောင်ရသည့် အခြေအနေသို့ မရောက်ရှိသေးကြောင်း မော်တော်ဆလင်များထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်း မြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့အနီး မြစ်ရေ မှာ ၁၆၀၀ စင်တီမီတာရှိပြီး ရေနည်း သတိပေးအမှတ်သို့ မရောက်ရှိသေးကြောင်း သိရသည်။

“ရေကြောင်းကတော့ အရင်နှစ်တိုင်း ပေါက်မယ် ထင်ပါတယ်။ မနှစ်က သောင်ပေါ် ခဲ့တဲ့နေရာတွေမှာ အခုရေကျချိန်သောင် တွေ ပြန်ပေါ်နေပြီ။ ပခုက္ကူအဝင် ကျွန်တော်တို့ ကြတ်တန်းကုန်းရွာနားမှာလည်း သောင် ပေါ်ပြီ။ မော်တော်တွေက အဲဒီသောင်ကို ပတ်မောင်းရတယ်” ဟု ပခုက္ကူမြို့နယ်၊ ကြတ်တန်းကုန်းကျေးရွာမှ ကိုကျော်မင်းက ပြောကြားသည်။

လက်ရှိ နိုဝင်ဘာလ ဒုတိယပတ်တွင် ပခုက္ကူဆိပ်ကမ်း၌ မြစ်ဝကျွန်းပေါ်ဒေသမှ ကုန်စည်လာရောက် ပို့ဆောင်သည့် မော်တော်များ ဆိုက်ကပ်မှု နည်းပါးနေသော်လည်း လာမည့် ဒီဇင်ဘာလတွင် ပခုက္ကူ ဆန်ဈေးကွက်သို့ မိုးဆန်သစ်များ လာရောက်ပို့ဆောင်သည့် မော်တော်များပြား လာမည်ဖြစ်သည်။

ပြီးခဲ့သည့် မြစ်ရေနည်းကာလတွင် ပခုက္ကူဆိပ်ကမ်း ရေအဝင်လမ်း၌ သဲသောင်များ ပေါ်ထွန်းမှု များပြားခြင်းနှင့် ရေအနက် နည်းပါးခြင်းတို့ကြောင့် မော်တော်များ ရပ်နားရန် နေရာအခက်အခဲ ကြုံတွေ့ခဲ့ပြီး ညောင်ဦးမြို့နယ် ဘက်ခြမ်းသို့ သွားရောက်ဆိုက်ကပ်ကာ ကုန်တင်ချ ပြုလုပ်ခဲ့ရကြောင်း သိရသည်။