Wifi Internet Service များ ခွင့်ပြုမိန့်ချပေးရာတွင် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက် တောင်းခံခြင်း မပြုဘဲ ဆောင်ရွက်ခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား

Wifi Internet Service များ ခွင့်ပြုမိန့်ချပေးရာတွင် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက် တောင်းခံခြင်း မပြုဘဲ ဆောင်ရွက်ခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား
Published 8 November 2017

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ဓာတ်တိုင် တစ်တိုင်တွင် Wireless Wifi တပ်ဆင်ထားသည်ကို တွေ့ရစဉ်

Wifi Internet Service များ ခွင့်ပြုမိန့်ချပေးရာတွင် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက် တောင်းခံခြင်းမပြုဘဲ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက် နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စအား စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက ရန်ကုန်မြို့ရှိ မြို့နယ်များတွင် တပ်ဆင်နေသည့် Wifi Internet Service ဝန်ဆောင်မှုပေးမည့် ပစ္စည်းများကို မည်သည့်အဖွဲ့အစည်းများက တာဝန်ယူ စစ်ဆေးခဲ့ပါသနည်း။ ထုတ်လွှင့်သည့် လှိုင်းအားများကြောင့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးထိခိုက်မှု ရှိ မရှိ၊ YESC မှ အခွန်၊ အခ မည်မျှရရှိသည်ကို သိလိုကြောင်း ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်၍ ဝန်ကြီးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“Wifi Internet Service အသုံးပြု ပစ္စည်းများသည် ပြည်သူလူထု ကျန်းမာရေးကို ထိခိုက်နိုင်မှု မရှိနိုင်ပါ ဆိုတာကို တစ်ခါတုန်းက လွှတ်တော်မှာ ဖြေပါတယ်။ Wifi Internet တွေ၊ ဆက်သွယ်ရေး Fiber Cable တွေ ဆက်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ ခွင့်ပြုမိန့်၊ ခွင့်ပြုချက်ကို ပေးနေတာကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပေးနေတာ ဖြစ်ပါတယ်။ ထိုသို့ပေးနေရာမှာလည်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကနေပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေရဲ့ သဘောထားမှတ်ချက်ကို တောင်းခံခြင်းမရှိဘဲ ခွင့်ပြုမိန့်တွေ ပေးနေတာ ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခေါ်ယူပြီး တွေ့ဆုံညှိနှိုင်းပြီး ဖြစ်ပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ထို့ပြင် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြုမိန့်ပေးလိုက်သည့် Wifi နှင့် ပတ်သက်၍ သော်လည်းကောင်း၊ Fiber Cable နှင့်ပတ်သက်၍ သော်လည်းကောင်း ဆက်သွယ်ရေး လုပ်ငန်းများတွင် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ဓာတ်တိုင်များတွင် လာရောက် တပ်ဆင်ထားမှုသည် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ Wifi Internet Service လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားတဲ့ ကုမ္ပဏီများ၏ ယခင်အစိုးရ လက်ထက်က ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဓာတ်တိုင်များ၌  Fiber Cable သွယ်တန်းခြင်း၊ ကြိုးမဲ့ Wifi တပ်ဆင်ခြင်းလုပ်ငန်းကို ကုမ္ပဏီငါးခုကို စာချုပ်ချုပ်ဆို ခွင့်ပြုထားပြီး ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေနဲ့ Cable သွယ်တန်းခြင်းအတွက် တစ်ကီလိုမီတာလျှင် တစ်လ ကျပ် ၃၀၀၀၀ နှုန်းနဲ့လည်းကောင်း၊ ဓာတ်တိုင် တစ်တိုင်လျှင် Wireless Wifi တပ်ဆင်ခြင်းအတွက် တစ်လလျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် လည်းကောင်း ငှားရမ်းခ ရရှိပါတယ်။ ကုမ္ပဏီငါးခုအတွက် တစ်နှစ်လျှင် စုစုပေါင်း ငှားရမ်းခ ကျပ်သိန်း ၇၀၀ ကျော် YESC မှ ရရှိနေပါတယ်။ YCDC မှလည်း သီးခြားဓာတ်တိုင်နဲ့ မဟုတ်ဘဲနဲ့ YCDC မှတိုင်များ စိုက်ခွင့်ပြုပြီးတော့ ခွင့်ပြုထားတဲ့ တချို့သော ဆက်သွယ်ရေး ကုမ္ပဏီတွေလည်း ရှိပါတယ်။ ဒီအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ YESC နဲ့ YCDC တို့ ညှိနှိုင်းပြီး အစည်းအဝေးလုပ်တာ နှစ်ကြိမ်ရှိသွားပြီ” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

Most Read

Most Recent