သံကိုယ်ထည် ငါးဖမ်းရေယာဉ်တစ်စင်း ကျပ်သိန်း ၁၈၀၀ နှုန်း အခွန်သတ်မှတ် လိုက်ခြင်းကြောင့် သံကိုယ်ထည် ငါးဖမ်းရေယာဉ် အစင်း ၃၀ ခန့် လုပ်ငန်းခွင်ဝင်ရန် အခက်တွေ့

သံကိုယ်ထည် ငါးဖမ်းရေယာဉ်တစ်စင်း ကျပ်သိန်း ၁၈၀၀ နှုန်း အခွန်သတ်မှတ် လိုက်ခြင်းကြောင့် သံကိုယ်ထည် ငါးဖမ်းရေယာဉ် အစင်း ၃၀ ခန့် လုပ်ငန်းခွင်ဝင်ရန် အခက်တွေ့
Published 8 November 2017

သံကိုယ်ထည် ငါးဖမ်းရေယာဉ် တစ်စင်းကို ကျပ်သိန်း ၁၈၀၀ နှုန်း အခွန်ပေးဆောင်ရန် သတ်မှတ် လိုက်ခြင်းကြောင့် သံကိုယ်ထည် ငါးဖမ်းရေယာဉ် အစင်း ၃၀ ခန့် လုပ်ငန်းခွင်ဝင်ရောက်ရန် အခက်အခဲ တွေ့နေကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“လက်ရှိမှာတော့ သစ်ကိုယ်ထည်အစား သံကိုယ်ထည်နဲ့ အစားထိုး တည်ဆောက် ထားတဲ့ ငါးဖမ်းရေယာဉ်တွေက အစင်း ၃၀ လောက် ဆောက်ပြီးနေပြီ။ ဒါပေမဲ့ အခု သံကိုယ်ထည် အစားထိုး တည်ဆောက်ထားတဲ့ ငါးဖမ်းရေယာဉ်တွေရဲ့ အခွန်နှုန်းက တစ်တန်ကို ကျပ်သိန်း ၃၀ သတ်မှတ်လိုက်တယ်။ သံကိုယ်ထည် ငါးဖမ်းရေယာဉ်ကိုကျတော့ တန်ဖိုးရဲ့ရာခိုင်နှုန်း ၃၀ ဆောင်ခိုင်းတယ်။ ဒီသံကိုယ်ထည် ငါးဖမ်းရေယာဉ် တစ်စင်းက တန် ၂၀၀ ရှိပြီးတော့ တန်ဖိုးက သိန်း ၆၀၀၀ ရှိတယ်။ အဲဒီတော့ ဒီရေယာဉ် တစ်စင်းကို ကျွန်တော်တို့က အခွန်သိန်း ၁၈၀၀ ဆောင်ရမလို ဖြစ်နေပြီ။ အရင် ကျွန်တော် ဆောင်ရတဲ့ အခွန်နှုန်းနဲ့က အရမ်းကိုကွာတယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောကြားသည်။

အဆိုပါ အခွန်နှုန်းထားကို စက်တင်ဘာ ၁ ရက်မှစ၍ ပေးဆောင်ရမည်ဖြစ်ပြီး ယခင်က လှေတစ်စင်းကို ကျပ်သိန်း ၁၀၀ ဝန်းကျင်သာ အခွန်နှုန်း သတ်မှတ်ခဲ့ကြောင်း၊ ယခုအခွန်နှုန်းများမှာ ယခင်ကထက်များစွာ အခွန်အခ မြင့်တက်နေပြီး သံကိုယ်ထည် ငါးဖမ်းရေယာဉ် အစင်း ၃၀ ခန့် လုပ်ငန်းခွင် ဝင်ရောက်ရန် အခက်အခဲ တွေ့နေကြောင်း သိရသည်။

ထိုသို့ အခွန်နှုန်း မြင့်မားသည့် အတွက်ကြောင့် လုပ်ငန်းရှင်များအနေဖြင့် အခွန်ရှောင်ရှားမှု ပြဿနာများ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် သံကိုယ်ထည် ငါးဖမ်းရေယာဉ်များ၏ အခွန်အခများကို လျှော့ပေါ့ကောက်ခံ စေလိုကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သံကိုယ်ထည် ငါးဖမ်းရေယာဉ် တည်ဆောက်အသုံးပြုရခြင်း ရည်ရွယ်ချက်မှာ EU ၏ လိုအပ်ချက်တစ်ခု ဖြစ်သည့်အပြင် သံကိုယ်ထည်အနေဖြင့် သစ်သားကိုယ်ထည်ထက် ပြုပြင်ရလွယ်ခြင်း၊ သစ်သားရှားပါးမှုနှင့် ဈေးနှုန်းမြင့်မားခြင်း၊ ကြာရှည်စွာ အသုံးပြု မခံခြင်းတို့ကြောင့် သံထည်အသုံးပြုမှုကို ပိုမိုလုပ်ဆောင်လိုမှုများ ရှိကြောင်း သိရသည်။

“ဒီနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ထင်သလောက် မကောင်းတဲ့ အတွက်ကြောင့် အခွန်နှုန်းထားကို လျှော့စေချင်တယ်။ ဒါမှမဟုတ် အခွန်ကို မလျှော့နိုင်ရင်တောင် အချိန်အတိုင်းအတာ တစ်ခုအထိ အခုသတ်မှတ်ထားတဲ့နှုန်းကို မကောက်စေချင်ဘူး။ အချိန်ပေးစေချင်ပါတယ်။ အခုလို အခွန်ကြီးမားမှုကြောင့် ဖြစ်နေတဲ့ အခက်အခဲတွေကိုလည်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းအနေနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနကို တင်ပြသွားဖို့ ရှိပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများ၌ သံကိုယ်ထည် ငါးဖမ်းရေယာဉ်များကို အသုံးပြုလျက်ရှိပြီး ငါးဖမ်းရေယာဉ်များ အနေဖြင့်လည်း ပိုမိုအရည်အသွေး ကောင်းမွန်မှုကြောင့် မြန်မာနိုင်ငံတွင် သစ်သားကိုယ်ထည်အစား သံကိုယ်ထည် ငါးဖမ်းရေယာဉ် အသုံးပြုရန်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ တည်ဆောက်ခွင့် ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးဖမ်းရေယာဉ်များမှ ရရှိသည့် ငါးများသည် မြန်မာနိုင်ငံ ငါးဈေးကွက်ကို ရောင်းချခြင်းနှင့် ပြည်ပနိုင်ငံများသို့ Export တင်ပို့မှုများ အဓိက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent