ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးကို နိုင်ငံတကာ စံချိန်စံနှုန်းနှင့်အညီ ကာရံရန်နှင့် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တရုတ် အကူအညီပေးမည်

ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးကို နိုင်ငံတကာ စံချိန်စံနှုန်းနှင့်အညီ ကာရံရန်နှင့် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တရုတ် အကူအညီပေးမည်
Published 8 November 2017

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်အဖွဲ့ စက်တင်ဘာ ၁၂ ရက်က မောင်တောမြို့ တောင်ပြိုလက်ဝဲရှိ နယ်စပ်ခြံစည်းရိုးအား သွားရောက်ကြည့်ရှု စစ်ဆေးစဉ်

ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးကို နိုင်ငံတကာ စံချိန်စံနှုန်းနှင့်အညီ ကာရံရန်နှင့် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တရုတ်နိုင်ငံ CHINA ASEAN Econommic and Cultural Association အဖွဲ့က အကူအညီပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ CHINA ASEAN Econommic and Cultural Association အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံမှ ဟင်္သာဧကရီ ကုမ္ပဏီနှင့် ပူးပေါင်း၍ နိုဝင်ဘာ ၇ ရက်တွင် စစ်တွေ မြို့သို့ ရောက်ရှိလာပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စစ်တွေမြို့မှ မြို့မိမြို့ဖတို့နှင့် တွေ့ဆုံခဲ့ပြီး အကူအညီပေးရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဟင်္သာဧကရီကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နွယ်နွယ်အေးက “ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ အခုရင်ဆိုင်နေရတဲ့ ပြဿနာအပေါ်မှာ သိချင်တာကို လာရောက် လေ့လာတာဖြစ်တယ်။ အခုလာတဲ့ ဧည့်သည်တော်တွေဟာ လူမှုရေးနဲ့ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဥက္ကဋ္ဌကြီးနဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ရခိုင်အမျိုးသားရေးနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို တောက်လျှောက် တင်ပြလျက်ရှိပါတယ်။ အဲဒါကို တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အခက်အခဲကို ကူညီဖို့ ရောက်လာတာ ဖြစ်ပါတယ်။ နယ်စပ်ခြံစည်းရိုး လုံခြုံမှုအတွက်ရော၊ ဖွံ့ဖြိုးမှုဆိုင်ရာ အတွက်ရော အားလုံးကို ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။ ၁၄ ရက်နေ့မှာ နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဆုံပြီး အချိန်နဲ့တစ်ပြေးညီ အမြန်ဆုံး ဆောင်ရွက်ပေးမှာပါ။ နိုင်ငံတကာအဆင့်မီ လုံခြုံစိတ်ချရတဲ့ နည်းပညာတွေသုံးပြီး လုပ်ဆောင်ပေးသွားဖို့ ရှိပါတယ်။ ခြံစည်းရိုးအစကနေ အဆုံးအထိ ကူညီပေးဖို့ စီစဉ်ထားပါတယ်။ နည်းပညာ အနေနဲ့လည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် CHINA ASEAN Econommic and Cultural Association ဥက္ကဋ္ဌက ၎င်းတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အတွက် အရေးကြုံလျှင် မဖြစ်မနေ ကူညီပေးရမည်ဆိုသည့် ခံယူချက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ကိစ္စရပ်များကို ၎င်းအနေဖြင့် တခြားနိုင်ငံကို ရောက်နေချိန် ကြားသိခဲ့ရကြောင်း၊ ယခုဌာနကို ၎င်းအနေဖြင့် ကိုင်တွယ်သည်မှာ ရှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ဘိန်းအစားထိုး စိုက်ပျိုးခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ခြင်းများ ရှိခဲ့ကြောင်း ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့ရသော အခက်အခဲမျိုး တရုတ်ပြည်မှာလည်း ကြုံတွေ့ရသည်ကို ကျွန်တော်တို့ သဘောပေါက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် နိုင်ငံတကာက အကူအညီတွေ တကယ့်ကို လိုအပ်နေပါတယ်။ အခုဖြစ်နေတဲ့ကိစ္စထက် အရေးကြီးတဲ့ ကိစ္စဆိုတာ ကျွန်တော်တို့နိုင်ငံမှာ မရှိတော့ပါဘူး။ အဖွဲ့အစည်းအနေနဲ့ အခုလိုမျိုး လာရောက်ပြီး ကူညီပေးမည် ဆိုသည့်စကား ကြားရသည့်အတွက် လွန်စွာဝမ်းသာပါတယ်။ ကျွန်တော်တို့ဘက်ကလည်း လိုအပ်တာ ရှိတာကို ကူညီဖို့ အသင့်ရှိတယ်။ လိုအပ်ချက်တွေက အများကြီး ရှိနေပါတယ်။ တရုတ်နိုင်ငံနဲ့ တရုတ်ပြည်သူတွေဆိုတာ ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ ကျွန်တော်တို့နိုင်ငံကို နောက်ကနေ ကျားကန်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent