တောင်သူများ စိုက်ပျိုးသော သီးနှံများကို အာမခံပေးရန် မြန်မာ့အာမခံ လုပ်ငန်းက လေလာသုံးသပ်နေဟုဆို

တောင်သူများ စိုက်ပျိုးသော သီးနှံများကို အာမခံပေးရန် မြန်မာ့အာမခံ လုပ်ငန်းက လေလာသုံးသပ်နေဟုဆို
Published 8 November 2017

ကလေးမြို့နယ်အတွင်း ဓာတ်မြေသြဇာ အသုံးပြုမှု မှားယွင်းသောကြောင့် ပျက်စီးခဲ့သော မိုးစပါးစိုက်ခင်း တစ်ခုအား တွေ့ရစဉ်

တောင်သူများစိုက်ပျိုးသော သီးနှံများကို အာမခံပေးရန် ယနေ့အချိန်အထိ မည်သည့်အာမခံ ကုမ္ပဏီကမှ အာမခံပေးနိုင်ခြင်း မရှိသေးဘဲဟု မြန်မာ့အာမခံ လုပ်ငန်းမှ အာမခံပေးနိုင်ရန် လေ့လာနေကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက ပြောကြားသည်။

“သီးနှံအာမခံတင် မကပါဘူး၊ ရာသီဥတု ညွှန်းကိန်းအာမခံကိုလည်း တောင်သူလယ်သမားတွေအတွက် ကွင်းဆင်းပြီး လေ့လာမှုတွေ လုပ်နေပါတယ်။ ဘယ်တော့ဆိုတာကတော့ အချိန်ကာလတော့ ပြောမရပါဘူး။ လေ့လာရတာ အများကြီးပဲ။ ရာသီဥတု အာမခံဆိုရင် ပျက်စီးမှုက ဘာကြောင့် ဖြစ်တာလည်း မိုးလေဝသကြောင့်လား၊ ဘာကြောင့်လား၊ လူကမကြိုးစားလို့လား စသဖြင့် တိုင်းတာရတာခက်တယ်။ ကွင်းထဲအထိ ကိုယ်တိုင်ဆင်းပြီးတော့ အာမခံကုမ္မဏီက လေ့လာရမယ်ပေါ့။ အခု ဒီရာသီဥတု ညွှန်းကိန်းကျ မိုးရေချိန်လက်မနဲ့ပဲ ကြည့်တာဆိုတော့ သိပ္ပံနည်းကျတယ်ပေါ့။ မိုးရေချိန်လက်မက မိုးဇလဌာနက ရနိုင်တယ်ဆိုရင် မိုးရေချိန်လက်မ တစ်ခုကို ပုံသေထားလိုက်ပြီး ပိုသွားရင် ရေကြီးမယ်ဆိုရင်လည်း ပေးလျော်ပေးမယ်။ ဒီမိုးရေချိန်လက်မ အောက်ရောက်တယ်။ မရဘူး။ ဒီရာသီဥတုတွေ ပျက်လို့ဖြစ်တယ်။ သီးနှံတွေပျက်တယ် ဆိုရင်လည်း အကျိုးခံစားခွင့်တွေ ရမယ်လေ။ အဲဒီလိုပုံစံဖြစ်မလား၊ ကွင်းထဲအထိ ကိုယ်တိုင်ဆင်း လေ့လာပြီး ပျက်စီးဆုံးရှုံး လေ့လာလို့ရတဲ့ သီးနှံအာမခံပဲ လုပ်မလားဆိုတာ လေ့လာနေဆဲပါ။ လတ်တလောမှာမှာတော့ ဒါတွေကို ဘယ်အာမခံကုမ္ပဏီကမှ လုပ်မပေးနိုင်သေးပါဘူး။ ဒါကအမြန်ကို လုပ်ရမယ့် ကိစ္စပါ။ တစ်နိုင်ငံလုံးမှာတော့ မီးအာမခံလုပ်ငန်းနဲ့ အထွေထွေအာမခံလုပ်ငန်း ထားကြတာ အများဆုံးပါ။ မြန်မာ့အာမခံလုပ်ငန်း အနေနဲ့ပေါ့။ တောင်သူတွေ အတွက်တော့ တောင်သူလယ်သမား အသက်အာမခံ ပထမဆုံး လုပ်ပေးတယ်။ မြို့နယ်အတွက် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်နေပါတယ်။ တောင်သူတွေလည်း စိတ်ဝင်စားပါတယ်။ အရင်ကလုပ်ခဲ့တဲ့ ကျွဲနွားအာမခံတွေကိုလည်း ပြန်လုပ်ပေးဖို့ ရှိပါတယ်။ ပြည်သူတွေ အနေနဲ့ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်၊ စီးပွားရေး လုပ်ငန်းတွေကို အာမခံ အကာအကွယ် ရယူထားဖို့ လိုပါတယ်” မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက ပြောကြားသည်။

“ကလေးမြို့နယ် တောင်သူလယ်သမားများရဲ့ကိုယ်စား တင်ပြလိုတာကတော့ ကလေးမြို့နယ်ဟာ ရေကြီးမှု ဖြစ်စဉ်တွေ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။ မိုးစပါးစိုက်ပျိုးတဲ့ တောင်သူတွေဟာ မိုးဘယ်လောက်ရွာရွာ၊ ရေကြီးပြီးတော့ နစ်မြုပ်တယ်ဆိုရင် ပြန်လည်ပြီးတော့ စိုက်ပျိုးဖို့အတွက်၊ မျိုးလောက်ထောက်ပံ့ရုံနဲ့ ပြန်လည်စိုက်ပျိုးဖို့ အချိန်ရမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာဆိုရင် ရေကြီးမှုဖြစ်စဉ် ဖြစ်ပွားခဲ့လို့ ကလေးမြို့နယ်အတွင်း စပါးစိုက်ဧက ၈၆၃၀ ပျက်စီးဆုံးရှုံးမှုနဲ့ တောင်သူတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် အာမခံဌာန အနေနဲ့ မိုးစပါးစိုက် တောင်သူတွေအတွက် မိုးစပါးစိုက်ပျိုးသီးနှံကို အာမခံထားရှိလို့ရမယ်၊ ထားရှိပေးမယ်ဆိုရင် တောင်သူတွေအနေနဲ့ ရေကြီးမှုဖြစ်စဉ်နဲ့ ကြုံတွေ့တဲ့အခါမှာ တောင်သူတွေ ဆုံးရှုံးနစ်နာမှု မရှိဘဲ တောင်သူတွေရဲ့ဘ၀ စိတ်အေးစရာဖြစ်အောင် ကလေးမြို့နယ် တောင်သူများကိုယ်စား တင်ပြတာပါ” ဟု ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးက ပြောကြားသည်။