ထိုင်းနိုင်ငံတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အိမ်အကူမိန်းကလေးအမှုနှင့် ပတ်သက်၍ ထိုင်းအထူးရဲတပ်ဖွဲ့က အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေး

ထိုင်းနိုင်ငံတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အိမ်အကူမိန်းကလေးအမှုနှင့် ပတ်သက်၍ ထိုင်းအထူးရဲတပ်ဖွဲ့က အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေး
Published 8 November 2017

အခင်းဖြစ်နေအိမ်အား ထိုင်းအထူးရဲတပ်ဖွဲ့ CSD မှ နိုဝင်ဘာ ၇ ရက်က သွားရောက်စစ်ဆေးစဉ်

ထိုင်းနိုင်ငံတွင် သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးခဲ့သည့် အိမ်အကူမိန်းကလေးငယ် အမှုနှင့်ပတ်သက်ပြီး ထိုင်းအထူးရဲတပ်ဖွဲ့က အခင်းဖြစ်နေအိမ်သို့ နိုဝင်ဘာ ၇ ရက်က သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ လပ်ဘူရီခရိုင် ဘန်ပုံနယ်မြေအတွင်းရှိ ထိုင်းလူမျိုးသူဌေးတစ်ဦး၏ နေအိမ်တွင် အလုပ်လုပ်ကိုင်နေသည့် ၁၇ နှစ်အရွယ် မနော်ညိုအေးသည် သြဂုတ် ၆ ရက်ညပိုင်းက ဦးခေါင်းနောက်ပိုင်းတွင် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုသို့သေဆုံးခဲ့ပြီးနောက် ထိုင်းနယ်မြေခံရဲတပ်ဖွဲ့မှ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြင့် အမှုဖွင့်ခဲ့ပြီး ထိုင်းအလုပ်ရှင်သူဌေးကလည်း သေဆုံးသူ မနော်ညိုအေး၏ အလောင်းအား ထိုင်း-မြန်မာနယ်စပ်ရှိ သေဆုံးသူ၏ဆွေမျိုးများထံသို့ ဘတ်ငွေငါးထောင်ဖြင့် သြဂုတ် ၈ ရက်က ပို့ဆောင်ခဲ့သည်။

အဆိုပါအမှုကို မသင်္ကာသည့်အတွက် သေဆုံးသူ၏ မိဘဆွေမျိုးများက ထိုင်းအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းအထူးရဲတပ်ဖွဲ့ (CSD) သို့ ပြန်လည်စစ်ဆေးပေးရန် အကူအညီတောင်းခံခဲ့သည်။ ထို့ပြင် ထိုင်းမီဒီယာများမှ ယုတ္တိမတန်သည့် အဆိုပါ မိမိကိုယ်ကိုယ်သတ်သေမှုနှင့် ပတ်သက်ပြီး မိသားစုဝင်များဖြင့် အင်တာဗျူးကို ရိုက်ကူးထုတ်လွှင့်ခဲ့ရာမှ ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်လာခဲ့သည့်အတွက် ထိုင်းအထူးရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၂ ရက်က အလောင်းအား ပြန်ဖော်၍ ထပ်မံစစ်ဆေးရန် မှုခင်းဆေးရုံသို့ ပို့ဆောင်ထားသည်။

“ဒီနေ့သူဌေးအိမ်ထဲမှာ ဝင်စစ်တယ်။ သူဌေးသေနတ်ထားတဲ့အခန်းရယ် ကောင်မလေးသေတဲ့အခန်းရယ် ဝင်စစ်တယ်။ ပြီးတော့ ရဲတွေက သရုပ်ဖော်ပုံစံတွေလုပ်ပြတယ်။ ပြီးတော့ သေသွားတဲ့အနေအထားတွေကြည့်ရတာ ကျည်ဆန်ထွက်ပုံထွက်နည်းတွေက တစ်ယောက်ယောက်က ပစ်တဲ့ပုံစံမျိုးပဲဖြစ်တယ်။ ပထမထိုင်းနယ်မြေခံရဲတွေနဲ့ သူဌေးပြောသလို ကိုယ့်ကိုယ်ကိုယ်ထိုင်လျက် ပစ်သတ်သေတာလည်း မဟုတ်နိုင်သလို မတ်တတ်ရပ်ပြီး သတ်သေတာလည်း မဖြစ်နိုင်ဘူး။ ကျည်လမ်းကြောင်းတွေက ရင်ဘတ်လောက်ကလာတဲ့ လမ်းကြောင်းတွေဖြစ်တယ်။ ကျည်ဆန်ရာက နှစ်ချက်။ တစ်ချက်က အခန်းထဲကပါဖောက်ထွက်သွားပြီး တစ်ဖက်က ခြံစည်းရိုးမှာသွားထိထားတယ်။ တစ်ချက်က အဲဒီအခန်းထဲက အလူမီနီယမ်ဘောင်မှာ သွားထိထားတယ်ဆိုတာ တွေ့ရတယ်” ဟု ကိုရဲမင်းက နိုဝင်ဘာ ၇ ရက်တွင် ပြောကြားသည်။

ဆက်လက်ပြီး ကိုရဲမင်းက “ဒီအမှုက အခုလောက်မကြီးခင်မှာ ပထမအမှုကိုင်တဲ့ နယ်မြေခံရဲတွေက ဒီအမှုက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အတွက်အမှုက ပြီးသွားပြီဆိုပြီး ကျွန်တော်တို့နဲ့ သေဆုံးသွားတဲ့ ကလေးမလေးတွေ မိဘတွေကိုပါပြောတယ်။ ဒီနေ့ကျတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်မပြောတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုပြီး ဆုံးဖြတ်ချက်ချလို့မရတော့သလို သူများသတ်တယ်ဆိုတာမျိုးလည်း ပြောလို့မရဘူးဆိုတာမျိုးပြောတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာသံရုံးက သံအမတ်ကြီးနဲ့သွားတွေ့ဖို့ရှိပါတယ်” ဟုပြောကြားသည်။

Most Read

Most Recent