ဂျပန် ANA နှင့် ရွှေသံလွင်အုပ်စု ပူးပေါင်းတည်ထောင်သည့် Asian Blue Airline မြန်မာအာဏာပိုင်ထံမှ လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့် လက်မှတ်မရ၍ ရပ်နား

ဂျပန် ANA နှင့် ရွှေသံလွင်အုပ်စု ပူးပေါင်းတည်ထောင်သည့် Asian Blue Airline မြန်မာအာဏာပိုင်ထံမှ လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့် လက်မှတ်မရ၍ ရပ်နား
Published 8 November 2017

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြေးဆွဲပျံသန်းလျက်ရှိသည့် ပြည်တွင်းပြည်ပ လေကြောင်းလိုင်း အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ပြည်တွင်းလေကြောင်းလိုင်း ဈေးကွက်၌ ယှဉ်ပြိုင်မှု များနေခြင်းကြောင့် ဂျပန် ANA နှင့် ရွှေသံလွင်တို့ ပူးပေါင်းတည်ထောင်သည့် Asian Blue လေကြောင်းလိုင်း အပါအဝင် လေကြောင်းလိုင်းသစ်များ ထပ်မံတည်ထောင်ခွင့်မပြုရန် မူအားဖြင့် ဆုံးဖြတ်ထားကြောင်း သတင်းရရှိသည်။

“မြန်မာနိုင်ငံရဲ့ ပြည်တွင်းလေကြောင်းလိုင်း ဈေးကွက်မှာ ယှဉ်ပြိုင်မှုများနေတဲ့ အခြေအနေဖြစ်လို့ Asian Blue လေကြောင်းလိုင်းရဲ့ လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့်ကို ဆိုင်းငံ့ထားတာပါ” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုဝင်ဘာ ၇ ရက်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

မြန်မာအာဏာပိုင်ထံမှ လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့် လက်မှတ် (Air Operator’s Certificate – AOC) မရရှိ၍ မြန်မာနိုင်ငံတွင် အကျိုးတူဖက်စပ် တည်ထောင်ခဲ့သည့် လေကြောင်းလိုင်းလုပ်ငန်း ရပ်နားခဲ့ကြောင်း ဂျပန်အခြေစိုက် ANA Holding Inc (All Nippon Airways) က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ANA သည် Asian Blue ကို မြန်မာနိုင်ငံ၏ ထင်ရှားသည့် လုပ်ငန်းစုကြီး တစ်ခုဖြစ်သော ရွှေသံလွင်အုပ်စု အောက်ရှိ Golden Sky World နှင့်ပူးပေါင်း၍ ပြီးခဲ့သည့်နှစ်ကတည်းက ပူးပေါင်းတည်ထောင် ခဲ့ခြင်းဖြစ်သည်။ Asian Blue တွင် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏကို သတင်းတွင် မဖော်ပြထားသော်လည်း ANA က အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ပါဝင်ထားကြောင်း သိရသည်။ ယင်းလေကြောင်းလိုင်းကို နိုင်ငံတကာ ခရီးစဉ်များနှင့် ခရီးသွား တိုးတက်လာသော ပြည်တွင်းခရီးစဉ်များ ပြေးဆွဲရန် စီစဉ်ထားခြင်း ဖြစ်သည်။

အဆိုပါဂျပန် ANA Holding Inc နှင့် ရွှေသံလွင်တို့ ပူးပေါင်းတည်ထောင်သည့် Asian Blue လေကြောင်းလိုင်းသစ်၏ လေကြောင်းလိုင်း လုပ်ကိုင်ခွင့်အား ယခင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဂျပန်နိုင်ငံလေကြောင်းလိုင်းနှင့် ပူးပေါင်းလုပ်ကိုင်မည့် လေကြောင်းလိုင်းသစ် လုပ်ကိုင်ခွင့်အား ခွင့်ပြုချက် တောင်းခံစဉ်ကပင် ဝန်ကြီးဌာနမှ သဘောတူ ထောက်ခံချက် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

“MIC  ရဲ့ ခွင့်ပြုချက်ရရှိလို့ Asian Blue လေကြောင်းလိုင်းသစ် အနေနဲ့ AOC လာလျှောက်တယ်။ ကျွန်တော်တို့က AOC ပေးဖို့ဆိုတာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိမှ လေကြောင်းဦးစီးဌာန အနေနဲ့ ခွင့်ပြုပေးရတာ ဖြစ်ပါတယ်။ အခုဝန်ကြီးရုံးရဲ့ ခွင့်ပြုချက်မရလို့ AOC ထုတ်မပေးနိုင်တာပါ” ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

Asian Blue သည် ANA ၏ မြန်မာနိုင်ငံအတွင်း ဒုတိယမြောက် မအောင်မြင်သော ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ခဲ့သည်။ ၂၀၁၄ ခုနှစ်က မြန်မာလေကြောင်းလိုင်း တစ်ခုဖြစ်သော Asian Wings Airways ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဝယ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး ရင်းနှီးမြှုပ်မှုဆိုင်ရာ သဘောတူညီချက် မရရှိ၍ ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။

ANA ၏ မြန်မာရုံးကိုယ်စားလှယ် Sammy Aramaki က Asian Blue ၏ လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့် လက်မှတ်လျှောက်ထားမှု ပယ်ချခံရခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့ အကြောင်းပြချက် ရှာမတွေ့ခဲ့ဘူး” ဟု ပြောကြားသည်။

Asian Blue သည် လေကြောင်းလိုင်း ပြေးဆွဲခွင့် လက်မှတ်ကို ၂၀၁၆ ခုနှစ် မေလကတည်းက လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခုပယ်ချခံရခြင်း ဖြစ်သော်လည်း ANA ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

Most Read

Most Recent